By Zwe Ko / MPA
ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်၊ သင်္ခရိုင်၊ အေးရွာလေး၊ ရုံးချောင်း၊ သခွပ်ပင်နှင့် ဥယျာဉ်ကြီးကျေးရွာများမှ တော်လှန်ရေးတပ်ဖွဲ့များ ကယ်ထုတ်ထားသည့် စစ်ဘေးရှောင်ပြည်သူ ၈၀ ခန့်သည် စားဝတ်နေရေးအတွက် အခက်အခဲများရှိနေကြောင်း စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၂၄ရက်က အဆိုပါကျေးရွာများသို့ စစ်ကောင်စီက အင်အား ၂၀၀ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်ရှောင်လာရခြင်းဖြစ်သည်ဟု ရုံးချောင်းကျေးရွာမှ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။
“ မြို့ပေါ်ကိုပြေးတဲ့သူက ပြေးတယ်။ အခြားနေရာတွေ ဆွေမျိုးတွေရှိတဲ့နေရာကို သွားတဲ့သူကသွားပေါ့၊ အကိုတို့က တော့ ရဲဘော်တွေခေါ်လာလို့ပါလာတာ၊ အခြားရွာကသူတွေရောဆို ၂၀၀နီးပါးလောက်ရှိတယ်။ စားသောက်စရာတွေ မပါလာဘူးလေ၊ ဒီကရဲဘော်တွေရဲ့ ရှိတာတွေကို မျှစားနေရတာ၊ ၁၀ရက်ကျော်လောက်ရှိပြီဆိုတော့ ဆန်ပြုတ်ပြုတ်သောက်နေရတယ် ” ဟု ၎င်းက ပြောသည်။
လက်ရှိ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီသည် ၎င်းတို့ တပ်ရင်းဌာနများသို့ ပြန်လည်ဆုတ်ခွာမှုမရှိသေးခြင်းကြောင့် စစ်ရှောင်ပြည်သူများသည် နေရပ်မပြန်နိုင်သေးကြောင်း သင်္ခရိုင်ကျေးရွာမှ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
“ အမတို့ရွာ ကျစွာဘုရားမှာ စစ်တပ်က တပ်စွဲထားတယ်လို့ကြားတယ်။ အိမ်ပြန်ချင်နေပြီ၊ ပစ္စည်းတွေ အကုန်ထားခဲ့ရတာ၊ ဘာမှ ပါမလာဘူး။ ဒီမှာက ဘယ်ရက်ထိတောင်နေရမှန်းမသိသေးဘူး။ ကလေးတေရော၊ လူကြီးတွေရော နေမကောင်းဖြစ်တာတွေရှိနေတယ်။ အဓိကလိုအပ်တာ ဆန်တို့၊ ဆီတို့ ဆေးဝါးတို့ပါ ” ဟု ၎င်းက ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့များက ကယ်ထုတ်ထားသည့် ဒေသခံ ၂၀၀ ခန့်အား လုံခြုံသည့်နေရာတွင် ထားရှိထားပြီး တပ်ရင်းရှိ ရိက္ခာများကို မျှဝေကျေးမွေးထားကြောင်း ပဲခူးရိုးမခြေပြု BTZM GBK PDF အဖွဲ့မှ တပ်ခွဲမှူး တေဇမင်းက ပြောသည်။
“ ရဲဘော်တွေက တစ်နေ့ တစ်နပ်လောက်ပဲစားရတော့တယ်။ ပြည်သူတွေကိုပဲ အဓိကကြွေးနေတယ်။ ရက်ကြာလာ တော့ လူကလည်းများ ရိက္ခာကနည်းနေပြီ၊ အခုမြိုသွားလို့ရတဲ့သူတွေ၊ အခြားနေရာသွားလို့ရတဲ့သူတွေကိုတော့ ပြန်ပို့နေပြီ၊ ဒါပေမဲ့ လူ ၈၀ကျော်လောက်တော့ရှိသေးတယ်။ NUG ဆီကလည်း ထောက်ပံ့မှုမရဘူး။ စစ်ဘေးရှောင်တွေကိုယ်စား အလှူရှင်တွေကို အကူအညီတောင်းချင်ပါတယ်။ အစားအသောက်နဲ့ ဆေးဝါးတွေကူညီပေးပါ ” ဟု တပ်ခွဲမှူး တေဇမင်းက ပြောသည်။
ထို့ပြင် စစ်ကောင်စီသည် ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့သည့်အချိန်မှစတင်ကာ လက်ရှိအချိန်အထိ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေကြောင်း ကြို့ပင်ကောက်မြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောသည်။
“ အေးရွာလေးကိုလည်း စစ်တပ်မီးရှို့တယ်။ အိမ် ၁၀လုံးလောက်ပါသွားတယ်။ ပြီးတော့ ပြည်သူ ၁၅ယောက်လောက်လည်း အဖမ်းခံထားရတယ်။ အေးရွာလေးနဲ့ ဥယျာဉ်ကြီးရွာက အဖမ်းခံထားရသူတွေလည်း ဘယ်မှာဖမ်းထားတယ်ဆိုတာ အခုထိမသိရသေးဘူး။ သတ်လိုက်တယ်လို့လည်းကြားတယ်။ နောက်ပြီး သင်္ခရိုင်ပရဟိတကျောင်းက စာသင်နေတဲ့ ကလေးငယ် ၂၉ယောက်ကိုလည်း လူသားဒိုင်းလုပ်ထားတာ၊ အခုထိပြန်မလွှတ်ပေးသေးဘူး ” ဟု ၎င်းက ပြောသည်။
လက်ရှိ စစ်ကောင်စီစစ်ကြောင်းသည် တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားသည့် ကျေးရွာများတွင် တပ်စွဲနေရာယူထားပြီး ၎င်းတို့ဘက်က ထိခိုက်ကျဆုံးများပြားမှုရှိသော်လည်း ပြန်လည်ဆုတ်ခွာခြင်းမရှိဘဲ ဆက်လက်စစ်ကြောင်းထိုးလျက်ရှိသည်ဟု တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဩဂုတ် ၂၆ရက်က ကြို့ပင်ကောက်မြို့နယ် လွှတ်တော်အမတ်တစ်ဦးအပါအဝင် တော်လှန်ရေးရဲဘော်တစ်ဦးသည် စစ်ကောင်စီထံ အညံ့ခံခဲ့ပြီးနောက် ပဲခူးရိုးမအတွင်းသို့ စစ်တပ်က စစ်ကြောင်းထိုးခဲ့သည့်အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၁၉ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။