By Ko Paing / MPA
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေ မြို့တွင်းသို့ စစ်ကောင်စီတပ် အလုံးအရင်းဖြင့် ဝင်ရောက်လာ၍ မြို့လုံးကျွတ်နီးပါး ထွက်ပြေးနေရကြောင်းသိရသည်။
အောက်တိုဘာ ၁၁ ရက်၊ မွန်းလွဲသုံးနာရီဝန်းကျင်တွင် ပခုက္ကူမြို့ဘက်မှ စစ်သားနှင့်ပျူစောထီး စုပေါင်းအင်အား ၁၂၀ခန့်သည် ကား သုံးစီးဖြင့်ရာက်ရှိလာကာ မြစ်ခြေ-ကမ္မ ရထားလမ်းနှင့်ကားလမ်းဆုံရာ၌ မြို့ခံပြည်သူ ၄၀ ခန့်ကိုဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုကာ မြို့တွင်းသို့ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း အညာဒေါင်း (မြစ်ခြေ ပကဖ) ထံက သိရသည်။
“ကျတော်တို့က မြစ်ခြေရဲစခန်းကို ရိက္ခာပို့တဲ့ ကားကို ဖမ်းလိုက်တယ်။ကားပေါ်ပါတဲ့ ဆန်နဲ့ဆေးဝါး တွေ ကိုသိမ်းလိုက်တာ။ဒါကြောင့် ကမ္မလမ်းဆုံကနေ ကင်းပုန်းနဲ့ တိတ်တဆိတ်ဝင်လာတာ။ အရင် ဆုံး လမ်းသွားလမ်းလာပြည်သူကားတွေကို အရင်ဖမ်းတယ်။ကျတော်တို့ ရဲဘော်(ရပ်ကျေးပကဖ) အဖမ်းခံရတယ်။တခြားတပ်ရင်း ကရဲဘော် နှစ်ဦးလွတ်သွားတယ်” ဟု အညာဒေါင်း(မြစ်ခြေ ပကဖ) တာဝန်ခံ က MPAသို့ ပြောသည်။
ယင်းစစ်ကြောင်းသည် ညနေ လေးနာရီဝန်းကျင်တွင် မြစ်ခြေမြို့၊အိုင်ရှည်ရပ်ကွက်အတွင်းသို့ ဝင်ရောက်လာကာ တစ်အိမ်ဆင်းတစ်အိမ်တက် ဝင်ရောက်မွှေနှောက်ခဲ့ကြောင်းသိရသည်။
“မြစ်ခြေမြို့နဲ့ ကမ္မလမ်းဆုံနဲ့က တစ်မိုင်လောက်ပဲဝေးတယ်။ညနေ လေးနာရီလောက်မှာ ပြည်သူတွေကို ဒူးထောက်ပြီး နေပူထဲမှာ ထားထားတယ်။ကျတော်တို့က ပြည်သူတွေကို လွှတ်ချိန် ဝင်တိုက်ဖို့လုပ်ပေမဲ့ စစ်ကြောင်းက ပြည်သူတွေကို ဓားစာခံအဖြစ်ဖမ်းခေါ်သွားတယ်။ပြီးတော့ မြို့ထဲကို ဝင်တော့ ပြည်သူတွေလည်း ဘာပစ္စည်းမှ မယူနိုင်အောင် မြို့လုံးကျွတ်ထွက်ပြေးရတာ။ခုထိ မြို့ထဲ ပြန်မဝင်ရဲသေးဘူး။စစ်ကြောင်းကလည်း မြို့ထဲမှာ ရှိနေသေးတယ်” ဟု ၎င်းက ယနေ့ (အောက်တိုဘာ၁၂ရက်) နံနက် ၁၀နာရီကျော်တွင် ပြော သည်။
အဆိုပါစစ်ကြောင်းသည် စစ်သား နှစ်ယောက်ကြားတွင် ပြည်သူ ငါးဦးစီထားကာ မြစ်ခြေမြို့ထဲသို့ ဝင်ရောက်မွှေနှောက်ခဲ့ပြီးနောက် အောက်တိုဘာ၁၁ရက်၊ညနေပိုင်း၌ပင် ပြန်လွှတ်ပေးခဲ့သော် လည်း ရပ်ကျေးပကဖတစ်ဦးကိုမူ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်းသိရသည်။
အောက်တိုဘာငါးရက်တွင် မြစ်ခြေရဲစခန်းသို့ လာသော ရိက္ခာကားကို PDF တို့က ဖမ်းဆီးသိမ်း ပိုက်လိုက်ပြီးနောက် ရဲစခန်းအတွင်းရှိ စစ်သားနှင့်ရဲတို့၏ အကူအညီတောင်းခံမှုကြောင့် စစ်ကြောင်း ဝင်လာခြင်းဖြစ်ကြောင်း သိရသည်။
သောင်းနှင့်ချီသော မြစ်ခြေမြို့သားများသည် ယနေ့ (အောက်တိုဘာ၁၂ရက်) နံနက်ပိုင်းအထိ မြို့တွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးဘဲ နီးစပ်ရာ ရွာများ၌ ခိုလှုံနေကြဆဲဖြစ်သည်။
မြစ်ခြေမြို့ရဲစခန်းတွင် ပုံမှန်အားဖြင့် စစ်သားနှင့်ရဲ စုစုပေါင်း ၂၀ကျော်သာ ရှိကြောင်း သိရသည်။