By Garcia Ni / MPA
တစ်မြို့လုံးစစ်ရှောင်ခဲ့ရသည့် ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့တွင် စစ်ရှောင်ပြည်သူတစ်ဝက်ခန့်ပြန်လည်ဝင်ရောက်နေထိုင်နေကြပြီဖြစ်ပြီး စစ်ပွဲအကြွင်းအကျန် မိုင်းအန္တရာယ်စိုးရိမ်နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
တီးတိန်မြို့ရှိစစ်ကောင်စီစခန်းများကို ချင်းညီနောင်မဟာမိတ်ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ၂၀၂၄ခုနှစ်၊ မေ ၂၆ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တီးတိန်းမြို့ပေါ်နှင့်အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ရှောင်တိမ်းခဲ့ကြရခြင်းဖြစ်သည်။
မေလကုန်မှစတင်ခဲ့သော တီးတိန်မြို့တိုက်ပွဲများသည် ဇွန်လလယ်ပိုင်းတွင် ပြီးဆုံးသွားခဲ့ပြီးနောက် ဒေသခံများအနေဖြင့် မိမိနေအိမ်များထံ တဖြည်းဖြည်းပြန်လည်ဝင်ရောက် လာကြခြင်းဖြစ်ကြောင်း တီးတိန်းမြို့ဒေသခံအမျိုးသားတစ်ဦးက MPAကိုပြောသည်။
“ ငါတို့ပြန်ရောက်တာတော့ တစ်လကျော်လောက်ရှိပြီ၊ အခုနောက်ပိုင်း တစ်စတစ်စနဲ့တော့ မြို့တစ်ဝက်လောက်တော့ ပြန်ရောက်ကြပြီ၊ ဒါပေမဲ့ ပုံမှန်လိုတော့ပြန်မလည်ပတ်သေးဘူး။ ဆိုင်ဖွင့်တာလည်းနည်းပါသေးတယ်။ ပြီးတော့ မိုင်းအန္တရာယ်လည်းကြောက်ရတော့ ကိုယ့်ဟာကိုယ် ဘယ်နားဘယ်နားတွေ မသွားသင့်ဘူးဆိုပြီး နေကြရတာရှိတယ်။ အရင်လိုတော့အပြင်ထွက်တာတွေ သိပ်မရှိဘူး” ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ၂၃ရက်နေ့၊ နံနက်ပိုင်းကလည်း တီးတိန်မြို့၊ ပြည်သူ့ဆေးရုံအနီးတွင် ရေခလုတ်ထိန်းသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ညာဘက်ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရသည်။
“ ကေး(ငါ)တို့တော့ ပြန်မဝင်သေးဘူး။ တိုက်ပွဲကဘယ်အချိန်ပြန်ဖြစ်မလဲမသိဘူးလေ၊ အဲ့ဒါကြောင့် ပြန်မဝင်သေးတာ၊ ပြီးတော့ မိုင်းတွေလည်းကြောက်ရတယ်ပြောတယ်။ အခြေအနေအေးတော့မှဘဲ ပြန်တော့မယ်လို့တွေးထားတာ၊ တချို့ကတော့ ပြန်ချင်လည်းအိမ်တွေမီးရှို့ခံထားရတာကြောင့်၊ တချို့ကလည်း စစ်တပ်နဲ့နီးနေတာကြောင့် မပြန်နိုင်တာတွေလည်းရှိတယ်” ဟု စီးယင်းဒေသတွင်စစ်ရှောင်နေသည့် တီးတိန်ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
တီးတိန်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်နေသည့် ပြည်သူများအနေဖြင့် တီးတိန်မြို့ ပြည်သူ့ဆေးရုံအထက်လမ်း၊ အောက်လမ်းနှင့် GTC ကျောင်းရှေ့လမ်းတစ်ကြောလုံးတွင် စစ်ကောင်စီက မိုင်းအများအပြားထောင်ထားသည့်အတွက် ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန် တီးတိန်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ဆရာJabezက MPAမှတဆင့် အသိပေးပြောကြားသည်။
“ အတွင်းသတင်းအရပေါ့နော် အဲ့ဒီလမ်းတွေမှာ စစ်ကောင်စီကနင်းမိုင်းတွေ အများအပြားထောင်ထားတယ်။ ကျတော်တို့တိုက်ပွဲပြီးတော့လည်း ပြည်သူတွေကိုမှာခဲ့တာရှိပါတယ်။ အဲ့ဒီလမ်းတွေမှာ ဘယ်သူမှ ဖြတ်သန်းသွားလာတာတွေမပြုလုပ်ဖို့ကို အသိပေးလိုက်ပါတယ်” ဟု ဆရာ Jabezက ဆိုသည်။
တီးတိန်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီ၏မီးရှို့ဖျက်ဆီးမှုနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူနေအိမ် ၈၄ လုံးပျက်စီးခဲ့ရသည့်အပြင် စစ်ကောင်စီ၏ စစ်ကြောင်းထိုးမီးရှို့ဖျက်စီးမှုကြောင့် သိုင်းငင်းရွာမှ နေအိမ် ၂၈ လုံးပျက်စီးခဲ့ကြောင်း ၎င်းကဆက်ပြောသည်။
“ အခုရက်ပိုင်းက မိုးလည်းတော်တော်များနေတာဆိုတော့လေ ရာသီတုတ်ကွေးပြောမလား၊ အဲ့ဒီရာသီပေါ် ရောဂါတွေတော့အဖြစ်များကြတယ်။ ဆေးဝါးတွေတော့အရမ်းကိုလိုအပ်နေတယ်။ စားနပ်ရိက္ခာအနေနဲ့ကတော့ ကုန်စျေးနှုန်းကလည်း အရမ်းမြင့်နေတော့ မြေပြန့်ကပြည်သူတွေလိုပဲ ကျတော်တို့ တီးတိန်မြို့နယ်က ပြည်သူတွေအနေနဲ့လည်း ခက်ခဲနေတဲ့ကာလဖြစ်ပါတယ်” ဟု ဆရာJabezကဆက်ပြောသည်။
စစ်ကောင်စီသည် ဇွန်လ ရှစ်ရက်တွင် တီးတိန်-ရိဒ်ခေါဒါရ် နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်ရှိ မံဆောင်း-မဏိပူရမြစ်ကူးတံတားကို မိုင်းခွဲဖျက်ဆီးခဲ့ပြီး ဇွန်လ ၁၀ ရက်တွင် တီးတိန်-တွန်းဇံလမ်းပေါ်ရှိ ဇလွေးချောင်းကူးတံတားကို လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ရာ အိန္ဒိယကုန်စည်စီးဆင်းမှုများ ခက်ခဲသွားရသည့်အနေအထားရှိပြီး ကွင်းလမ်းများမှသယ်ယူနေကြရကြောင်း ဒေသခံများထံကစုံစမ်းသိရှိရသည်။