By Hlaing / MPA
ကချင်ပြည်နယ်၊ ဗန်းမော်နှင့် မံစီမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့၏ တိုက်ပွဲများကြောင့် မြစ်ကြီးနားမြို့ခံပြည်သူများ စစ်ရှောင်ရန် ပြင်ဆင်လာကြကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ရေကြီးရေလျှံမှုကြောင့် တစ်လကျော်ကြာရပ်နားထားသော တိုက်ပွဲများသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၄ ရက်မှစ၍ ဗန်းမော်၊ မိုးမောက်နှင့် မြစ်ကြီးနားမြို့နယ်တို့တွင် ခပ်စိပ်စိပ်ဖြစ်ပွားလာခဲ့ပြီးနောက်၊ မြစ်ကြီးနားမြို့ခံများအနေဖြင့် ယခုကဲ့သို့ စစ်ရှောင်ရန် ပြင်ဆင်လာကြခြင်းဖြစ်သည်။
“ အခု မြစ်ကြီးနားမှာလည်း စက်တင်ဘာ တစ်ရက်နေ့ကနေ လေးရက်နေ့အထိ စစ်ရှောင်ရမယ်ဆိုပြီး ပြောနေကြတယ်။ ဘယ်အဖွဲ့အစည်းကဆိုတာတော့ အတိအကျမသိရဘူး။ မြို့ထဲတော့ ဂယက်ရိုက်နေတာ” ဟု မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)၊ မိုးကောင်း စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၃)နှင့် တနိုင်းမြို့နယ်ရှိ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ)နှင့် ဗန်းမော်မြို့တွင်လည်း စကခ ၂၁ (စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်)တို့အပါအဝင် အမြောက်တပ်ရင်းများ၊ စစ်အင်ဂျင်နီယာတပ်၊ ထောက်ပို့တပ်၊ ဆေးတပ်နှင့် ခြေလျင်တပ်ရင်းများ တည်ရှိသည်။
“ အရင်လတွေကထိ ဗန်းမော်မြို့ထဲမှာ တိုက်ပွဲမဖြစ်ပေမဲ့ မြို့အစွန်အဖျားက လက်နက်ကြီးသံတွေတော့ ကြားရတယ်။ အခုကတော့ မြို့ထဲလည်း ပိုဂရုစိုက်ရတော့မှာပေါ့၊ တစ်ချို့ကလည်း နီးစပ်တဲ့ ကသာ၊ မန္တလေးနဲ့ ရန်ကုန်ဘက်ကို ရှောင်ကြတယ်။ အခြေအနေတွေ အတိအကျတော့ မပြောတတ်ဘူး။ ဖုန်းလိုင်းတွေ ဖြတ်ခံထားရတာလည်း တစ်လရှိနေပြီလေ” ဟု မန္တလေးမြို့သို့ ရောက်ရှိနေသည့် ဗန်းမော်ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
ထို့ပြင် မံစီမြို့နယ်အတွင်း နောက်ဆုံးကျန်ရှိနေသည့် ခမရ ၃၁၉ နှင့် ခလရ ၆၀၁ တပ်ရင်းတို့ကို သိမ်းပိုက်နိုင်ရန်အတွက် KIAက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဩဂုတ် ၂၀ရက် တွင် အဆိုပါတပ်ရင်းနှစ်ခု၏ ကာကင်းစခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
“ မံစီမြို့ထဲမှာတော့ လူတွေမရှိတော့ဘူး။ စစ်ရှောင်နေကြတာ၊ ကျွဲ၊ နွားတိရိစ္ဆာန်တွေလည်း လမ်းဘေးမှာတင် သေနေကြတာ၊ မံစီကလည်း ဗန်းမော်နဲ့ နီးတယ်။ မိုးမောက်နဲ့ မံစီက ပြည်သူတွေတော့ မြို့ထဲမရှိသလောက်ဘဲ” ဟု မြေပြင်အခြေအနေသိရှိသူ အမျိုးသားတစ်ဦးက ဆိုသည်။
ထို့ပြင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်ရှိ အင်းတော်မြို့နယ်တွင်လည်း တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် သြဂုတ် ၁၆ ရက်မှစတင်ကာ မန္တလေး – မြစ်ကြီးနားကားလမ်းပိုင်း KIAက ပိတ်ထားသည့်အပြင်၊ ဩဂုတ် ၁၂ရက်မှစတင်၍ မန္တလေး – ဗန်းမော်ကားလမ်းပိုင်း၌ နှစ်ဖက်တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ဒေသခံများ သွားလာရေးခက်ခဲလျက်ရှိသည်။
“ ကုန်းလမ်းက ပိတ်ထားတော့ လေယာဥ်နဲ့ ဗန်းမော်ပြန်မဲ့သူတွေကို Facebook Group တွေထဲမှာ ယုံကြည်လို့ရမယ့်သူကို လိုက်ရှာပြီး စာအိတ်ပေးတာ၊ ပိုက်ဆံပို့ပေးတာတွေ လုပ်နေရတယ်။ လေယာဥ်ခကလည်း သုံးသိန်းထိရှိနေတယ်” ဟု မန္တလေးမြို့တွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၃၀ နှစ်အရွယ်အမျိုးသားတစ်ဦးက ဆိုသည်။
ယနေ့ (သြဂုတ် ၂၁ ရက်) တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှ ပြေးဆွဲနေသည့် မန္တလေး – ဗန်းမော်လေကြောင်းလိုင်းကို တစ်ရက်တာ ရပ်နားထားပြီး၊ သြဂုတ် ၂၂ ရက်မှစ၍ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲမည်ဟု အသိပေးထားသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်မှစ၍ မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ ခမရ ၄၃၇ တပ်ရင်းကို KIAက တစ်လနီးပါးအကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သြဂုတ် ၁၉ ရက်၊ မွန်းလွဲ ၃ နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်။
ထိုကဲ့သို့ သိမ်းပိုက်ခံရခြင်းက စစ်ကောင်စီတပ်၏ မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) ကို ခြိမ်းခြောက်နိုင်မှုတစ်ခုဖြစ်ခဲ့ပြီး မြစ်ကြီးနား၊ ဗန်းမော်နှင့် ဝိုင်းမော်မြို့နယ်တို့ရှိ ပြည်သူများအကြားတွင်လည်း စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
ယင်းအပြင် ဇူလိုင် ၂၁ ရက်မှစ၍ သြဂုတ် ၂၁ ရက်အထိ ကချင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာဖြင့် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပြတ်တောက်နေခြင်းဖြစ်ပြီး၊ ယခုရက်ပိုင်းအတွင်း၌ မြစ်ကြီးနား၊ ဟိုပင်၊ ရွှေကူနှင့် ဖားကန့်မြို့နယ်တို့တွင် အကန့်အသတ်ဖြင့်သာ အော်ရီဒူးဖုန်းလိုင်းအနည်းငယ်ရရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ မတ် ၇ ရက်မှစ၍ KIAက ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေးအရှိန်မြှင့်တင်ခဲ့ပြီးနောက် ဗန်းမော် – လွယ်ဂျယ်လမ်းပိုင်းနှင့် ဝိုင်းမော် – လိုင်ဇာလမ်းမပေါ်ရှိ စစ်ကောင်စီတပ်စခန်း ၂၀၀ ကျော်အပါအဝင် နယ်စပ်ကုန်သွယ်ရေးမြို့တော် လွယ်ဂျယ်၊ မိုးမောက်၊ ဆွမ်ပရာဘွမ်၊ ဆင်ဘို၊ ဆဒုံး၊ အင်းဂျန်ယန်၊ ဒေါ့ဖုန်းယန်နှင့် မြို့လှမြို့နယ်တို့ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။