By Hlaing / MPA
မန္တလေးတိုင်း၊ မြင်းခြံ၊ နွာထိုးကြီးနှင့် တောင်သာမြို့နယ်တို့မှ ပြည်သူအများစုသည် နေရပ်စွန်ခွာကာ စစ်ရှောင်နေကြပြီး၊ စစ်တပ်နယ်မြေတစ်ခုဖြစ်သည့် မိတ္ထီလာမြို့တွင်လည်း စစ်ကောင်စီတပ်က လုံခြုံရေး တိုးမြှင့်ထားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ် ၁၀ရက်၊ နံနက်ပိုင်းမှ စတင်ကာ မြင်းခြံခရိုင် အထူးစစ်ဆင်ရေး – Myingyan District Special Operation (MDSO) အဖြစ် နွားထိုးကြီး၊ မြင်းခြံနှင့် တောင်သာမြို့နယ်ရှိ ဝဲလောင်တိုက်နယ်တို့၌ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကို ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မြို့နယ်သုံးခုကို ဝင်ရောက်တိုက်ခိုက်ရာတွင် နွားထိုးကြီးမြို့နယ်၌ နှစ်ဖက်တပ်ဖွဲ့များ၏ ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ရာ အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ နွားထိုးကြီးမြို့ပေါ်မှာက တိုက်ပွဲအရမ်းကြမ်းတာ၊ စစ်တပ်က လေယာဥ်နှစ်စင်း တစ်ပြိုင်တည်းသုံးပြီးကို တိုက်တာ၊ မြို့ပေါ်က လူတွေကတော့ မန္တလေး၊ ရန်ကုန်နဲ့ မိထ္တီလာတို့ဘက် ပြေးကြပြီ၊ မြင်းခြံကလည်း ခဏတိုင်း အသံကြားရတော့ မလုံခြုံဘူးလေ၊ ပြီးတော့ နွားထိုးကြီးနဲ့ မြင်းခြံကလည်း နီးတယ်။ အစွန်အဖျားက ရွာတွေမှာကတော့ ငြိမ်ပါတယ်” ဟု မိထ္တီလာမြို့သို့ စစ်ရှောင်လာသူ နွားထိုးကြီးဒေသခံ အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
“ စနေနေ့(သြဂုတ် ၁၀ ရက်) မနက်အစောကြီးဖြစ်တာဆိုတော့ နွားထိုးကြီးဘက်ကလာတဲ့ ကွမ်းရောင်းတဲ့စျေးသည်တွေရော၊ ဆေးလိပ်ကုန်သည်တွေရော အကုန်ပိတ်မိနေကြတာလေ၊ ၁၁ ရက်နေ့တော့ တိုက်ပွဲငြိမ်တာနဲ့ ရှောင်ကြတယ်။ ကျန်တဲ့သူတွေလည်း ရှိတာပေါ့၊ ဒီလိုမျိုးဆို ဆေးလိပ်စျေးလည်း တက်ဦးမှာဘဲ” ဟု အမည်မဖော်လိုသူ ဆေးလိပ်ကုန်သည်တစ်ဦးက ဆိုသည်။
ထို့ပြင် တောင်သာ – ကျောက်ပန်းတောင်းလမ်းပိုင်း၊ ဝဲလောင်တိုက်နယ်ရှိ လျှပ်စစ်ဓာတ်အားခွဲစက်ရုံကိုလည်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခဲ့ရာ စစ်လက်နက်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
“ ဝဲလောင်ရွာနဲ့ တောင်သာက ဆယ်မိုင်လောက်ဝေးတယ်။ တောင်သာမြို့ပေါ်မှာ အရင်ကတည်းက စစ်တပ်က တင်းကျပ်ထားတာပါ၊ တောင်သာကနေ မြင်းခြံသွားတဲ့လမ်းဘက်က မြေဖြူကုန်းရွာမှာလည်း လွန်ခဲ့တဲ့ တစ်ပတ်လောက်က Non – CDM ဝန်ထမ်းတစ်ဦးအသတ်ခံရသေးတော့ အခုက ပိုပြီး စစ်ဆေးတယ်” ဟု တောင်သာမြို့နယ်အတွင်း နေထိုင်သူအမျိုးသားတစ်ဦးက ဆိုသည်။
ဒေသခံတော်လှန်ရေးတပ်ဖွဲ့များကလည်း အရပ်သားပြည်သူများကို မြင်းခြံ – နွားထိုးကြီးလမ်းပိုင်းနှင့် မြင်းခြံ – တောင်သာလမ်းပိုင်းတို့ကို အသုံးမပြုဘဲ ရှောင်ကွင်း၍ သွားလာကြရန် တိုက်တွန်းထားသည်။
ထိုကဲ့သို့ စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီးနောက် တောင်သာ၊ မလှိုင်နှင့် မိထ္တီလာမြို့နယ်တို့တွင် စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ချထားကြောင်း ဒေသခံများက ပြောသည်။
“ မိထ္တီလာမှာကတော့ ဖုန်းတွေ အရမ်းစစ်တယ်။ စစ်တပ်တွေ ဝိုင်းထားတဲ့မြို့ဆိုတော့ အခြေအနေကတော့ ပုံမှန်အနေအထားပဲ၊ သူ့နည်းသူ့ဟန်တွေနဲ့တော့ လုံခြုံအောင် ဂရုစိုက်နေရတယ်” ဟု မိထ္တီလာမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ဆိုသည်။
“ တိုက်ပွဲတွေက ကျမတို့မြို့နဲ့ အရမ်းနီးနေတော့ စိုးရိမ်တယ်။ အိမ်က မိသားစုကို အသုံးလိုတာတွေနဲ့ ပြင်ဆင်စရာရှိတာတွေတော့ ပြင်ခိုင်းထားတယ်” ဟု ရန်ကုန်မြို့တွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူ အသက် ၂၄ နှစ်အရွယ် မလှိုင်မြို့ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
လက်ရှိတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) တည်ရှိရာ မန္တလေးနှင့် စစ်တက္ကသိုလ်များတည်ရှိသည့် ပြင်ဦးလွင်မြို့တို့တွင် စစ်ကောင်စီတပ်က အခိုင်အမာခံစစ်ပြင်နေကြသည်။
၂၀၂၄ ခုနှစ်၊ ဇွန် ၂၅ ရက်၌ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနှင့် ရှမ်းမန်းစစ်ဆင်ရေးအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY – PDF) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက မန္တလေးတိုင်းဒေသကြီးရှိ မိုးကုတ်နှင့် စဥ့်ကူးမြို့နယ်ကို သိမ်းပိုက်ရရှိခဲ့ပြီး၊ သပိတ်ကျင်းနှင့် မတ္တရာမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းအများစုကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့သည်။