စစ်ဘေးရှောင်များကို အိမ်မဌားမီ ရပ်ကွက်ရုံးသို့ ကြိုတင်အကြောင်းကြားရန် ရန်ကုန်မြို့၊ စမ်းချောင်းနှင့် ကြည့်မြင်တိုင်၌ စစ်ကောင်စီအာဏာပိုင်တို့က သတိပေးထားကြောင်း သိရသည်။
ဩဂုတ် ကိုးရက်၊မွန်းလွဲတစ်နာရီခန့်တွင် ရန်ကုန်မြို့၊စမ်းချောင်းနှင့် ကြည့်မြင်တိုင်မြို့နယ်တို့ရှိ ရပ်ကွက်အချို့တွင် နယ်မှပြောင်းရွှေ့လာရောက်နေထိုင်သူများနှင့် စစ်ဘေးရှောင်များအား နေအိမ်ဌားရမ်းခြင်းနှင့် ရောင်းချခြင်းများမပြုလုပ်မှီ ရပ်ကွက်ရုံးသို့ လာရောက်အကြောင်းကြားရမည်ဖြစ်ကြောင်းနှင့် မလုပ်ဆောင်ပါက နေအိမ်အား ချိတ်ပိတ်သည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာရပ်ကွက်တာဝန်ရှိသူများက ကားဖြင့် လိုက်လံအသိပေး ခြိမ်းခြောက်သွားကြောင်း စမ်းချောင်း မြို့နယ်၊ကျိုက်လတ်လမ်းနေသူတစ်ဦးက ပြောသည်။
“ ၉ရက်နေ့က ကားနဲ့ လိုက်အော်နေတာ။ဘယ်သူအော်တာလဲတော့ သေချာမသိဘူး။ ၂၄(စမ်းချောင်းရဲစခန်း)ကမဟုတ်ရင်တော့ လင်း/တောင်(လင်းလွန်းတောင်ရပ်ကွက်)က အုပ်ကြီးအဖွဲ့ဖြစ်မယ်။စစ်ဘေးရှောင်တွေ အိမ်လာဌားရင် တန်းမငှားဘဲ ရပ်ကွက်ရုံးကို အကြောင်းကြားရမယ်ပြောတာပဲ” ဟု ၎င်းက MPAသို့ ပြောသည်။
အထက်ပါအသိပေးချက်နှင့် ပတ်သက်ပြီး ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ ရဲသတင်းရင်းမြစ်တစ်ဦးထံ MPAက မေးမြန်းရာ ဟုတ်မှန်ကြောင်း အတည်ပြုသည်။
“ အဲ့လိုလိုက်ကြေညာတာဟုတ်ပါတယ်။ရန်ကုန်တစ်မြို့လုံး စီမံချက်နဲ့လုပ်တာပါ။ဖမ်းဖို့စီးဖို့တော့ မဟုတ်ပါဘူး။နိုင်ငံရေးမလုပ်ရဘူး။တော်လှန်ရေးမလုပ်ရဘူးတို့ ဘာတို့ညာတို့ပေါ့ဗျာ။အရင်ကဆို အိမ်ရှင်က အိမ်ဌားကို တာဝန်ယူရတာ။အခုကျတော့ အိမ်ဌားတွေကို ရပ်ကွက်ရုံးက တာဝန်ယူပြီး ဝန်ခံကတိထိုးခိုင်းတာပါ။ရှင်းရှင်းပြောရရင် အချက်အလက်ရော လူရောကို ရပ်ကွက်ရုံးက သတိထားလို့ရတာပေါ့။မသင်္ကာရင် စခန်းကို သတင်းပို့ရတဲ့သဘောပါပဲ” ဟု ၎င်းက ပြောသည်။
လက်ရှိ စမ်းချောင်းမြို့နယ်နှင့် ကြည့်မြင်တို့တွင် အိမ်ဌားများကို စစ်ကောင်စီတပ်က ရှောင်တခင်ဧည့်စာရင်းစစ်ဆေးခြင်းများရှိကြောင်း သိရသည်။