by Mandy / MPA
ကရင်နီပြည်နယ်၊ ဖရူဆိုအနောက်ခြမ်းရှိ စစ်ရှောင်စခန်းများတွင် မိုးရာသီအတွင်း စားနပ်ရိက္ခာအတွက် ဆန် လုံလောက်မှုရှိရန် လိုအပ်နေကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။
“ အဓိကလိုအပ်နေတာကတော့ ဆန်ပေါ့၊ ဒီမှာ စစ်ရှောင်တွေက အလှူရှင်တွေကိုမှီခိုရတာများတယ်။ အလှူရှင်တွေလှူမှ စားရမယ့် အခြေအနေပါ၊ ဒီဘက်ကို အလှူရှင်အရောက်နည်းတော့ ရိက္ခာလုံလောက်မှုမရှိဘူ။ မိုးတွင်းဆို ဆန်လိုအပ်မှု ပြဿနာကပိုဆိုးလာတော့မယ်” ဟု ၂၀၂၁ ခုနှစ်ကတည်းက စစ်ရှောင်နေရသော စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
ဖရူဆိုအနောက်ခြမ်းသည် ရွှေ့ပြောင်းတောင်ယာလုပ်ရန် မြေနေရာရှားပါးပြီး မြေဆီလွှာကောင်းမွန်မှုမရှိကြောင်း၊ စစ်ရှောင်အများစုမှာ ရွှေ့ပြောင်းတောင်ယာပိုင်ဆိုင်မှုမရှိသည့် စစ်ရှောင်များဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ မိုးတွင်းဆို ရိက္ခာသယ်ရ၊ ဝယ်ရတာခက်တယ်။ လမ်းမှာတင် ၂ရက်လောက်ကြာတော့ အရင်နှစ်တွေကဆို ဆန်ပြတ်တာတွေကြုံရတယ်” ဟု ဖရူဆိုအနောက်ခြမ်းတွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် စစ်ရှောင်ကော်မတီဝင် အမျိုးသမီးတစ်ဦးက ဆိုသည်။
ဖရူဆိုအနောက်ခြမ်းသည် တောင်တန်းဒေသဖြစ်သဖြင့် မိုးရာသီရောက်လျှင် တောင်တန်းများ မြေပြိုမှုဖြစ်ပွားသောကြောင့် နှစ်စဉ်လမ်းပိတ်ဆို့မှုများကြုံရပြီး ပစ္စည်းသယ်ရန်၊ ရိက္ခာသယ်ရန် ဒုက္ခရောက်ကြောင်း ၎င်းကဆိုသည်။
ထို့ပြင် ဖရူဆိုစစ်ရှောင်စခန်းများတွင် အလုပ်လက်မဲ့များအနေဖြင့် မြင့်မားသောကုန်ဈေးနှုန်းများကြောင့် နေ့စဉ်စားဝတ်နေရေးအတွက်ပါ ခက်ခဲနေကြောင်း၊ စစ်ရှောင်များထံမှသိရသည်။
လက်ရှိတွင် ဖရူဆိုမြို့နယ်၌ ဆန်တစ်အိတ်လျှင် အနည်းဆုံး ကျပ် ၉၀၀၀၀ ရှိပြီး ဆီတစ်ပိဿာလျှင် ကျပ် ၁၅၀၀၀ ရှိနေကာ၊ မိုးရာသီတွင် ကုန်ပစ္စည်းများသယ်ယူစရိတ်ပိုများသောကြောင့် ယခင်နှစ်ကကဲ့သို့ ဆန်တစ်အိတ်လျှင် တစ်သိန်းကျော်နှုန်းဖြင့် ဝယ်စားရနိုင်ချေရှိကြောင်း စစ်ဘေးရှောင်များနှင့် ကူညီစောင်ရွက်ပေးသူများကဆိုသည်။
“အရေးပေါ် ရိက္ခာဂိုထောင်ထားတာတော့ ရှိတယ်။ စစ်ရှောင်တွေအရမ်းလိုအပ်လာရင်တော့ မိသားစုအပေါ်မူတည်ပြီး နောက်လထုတ်ပေးတဲ့ထိ လုံလောက်မဲ့ အနေအထားထိလုပ်ပေးရတာပေါ့နော်” ဟု ၎င်း စစ်ရှောင်ကော်မတီဝင်က ပြောသည်။
ဖရူဆိုအနောက်ခြမ်းသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အပြင် အလှူရှင်လာရောက်မှုနည်းပါးသည့်အတွက် စစ်ရှောင်အချင်းချင်း ဆန်များကို ချေးယူစားသောက်နေရသည်များလည်းရှိသည်။ လက်ရှိတွင် ဖရူဆိုအနောက်ခြမ်းတွင် စစ်ရှောင် ၇၀၀၀ကျော်နေထိုင်လျက်ရှိပြီး မိုးရာသီအတွင်း စစ်ရှောင်ပြည်သူများအတွက် အဓိကလိုအပ်ချက်ဖြစ်သော စားနပ်ရိက္ခာဖြစ်သည့် ဆန်လိုအပ်သည့် ပြဿနာနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။
ဆက်လက်ပြီး စားနပ်ရိက္ခာလိုအပ်ချက်အပြင် စစ်ရှောင်ကလေးများ ငှက်ဖျားနှင့်တုပ်ကွေးအဖြစ်များလာသဖြင့် ဆေးဝါးလိုအပ်ချက်များလည်းရှိနသဖြင့် မိုးရာသီအတွက်မရှိမဖြစ်လိုအပ်သော မိုးကာနှင့် ခြင်ထောင်များလည်း အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်ကော်မတီဝင် တစ်ဦးက ရှင်းပြသည်။
ကရင်နီပြည်နယ်သည် တော်လှန်ရေးအားကောင်းသော နယ်မြေဖြစ်ပြီး လက်ရှိအချိန်ထိ တော်လှန်ရေးတပ်ဖွဲ့ဝင်များက သိမ်းပိုက်ထိန်းချုပ်ထားနိုင်သော နယ်မြေမှာ ပြည်နယ်၏ ၉၀ရာခိုင်နှုန်းထိရှိပြီဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် (KNDF) ၏ ထုတ်ပြန်ချက်အရသိရသည်။
ထို့ပြင် ၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်း ကရင်နီပြည်နယ်ရှိ မြို့ရှစ်မြို့အပြင် လွိုင်ကော်တွင် စခန်း ၁၂ ခု၊ ဒီမောဆိုတွင် စခန်း ၁၃ ခု၊ ဖရူဆိုတွင် စခန်း တစ်ခု၊ ဘော်လခဲတွင် စခန်း ငါးခု၊ ဖားဆောင်းတွင် စခန်း ကိုးခု၊ ရှားတောတွင် စခန်း ခုနှစ်ခု၊ ဖယ်ခုံတွင်စခန်း ၁၇ ခု၊ မယ်စဲ့တွင် စခန်း တစ်ခု၊ စုစုပေါင်း စခန်း ၆၅ ခုကိုသိမ်းထားနိုင်ပြီး တပ်ဆုတ်လက်နက်ချသွားသော စခန်းပေါင်း ၁၆ ခု ရှိသည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် (KNDF) က ၂၀၂၄ခုနှစ်၊ မတ်လ ၂၃ရက် ရက်စွဲဖြင့်ထုတ်ပြန်ထားသည်။