မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ အမြဲတမ်းစစ်ရှောင် ၁၀၀၀ခန့်တို့မှာ စစ်ကောင်စီတပ်၏ အကြမ်းဖက် လုယက်မှုများကြောင့် နောက်ထပ်တစ်နေရာသို့ ထပ်မံရွှေ့ပြောင်းနေကြကြောင်း သိရသည်။
မကွေးတိုင်း၊ ပေါက်မြို့ အနီးရှိအုန်းတော တောင်စုနှင့် အုန်းတော မြောက်စု ကျေးရွာတို့မှာ အာဏာသိမ်းပြီးနောက် ၆လခန့်အကြာတွင် ပေါက်မြို့နှင့် နီးကပ်လွန်းသောကြောင့် ကျေးရွာအတွင်း၌ မနေရဲဘဲ နီးစပ်ရာ တောတိုက်အတွင်း၌ ထွက်ပြေး တိမ်းရှောင်နေခဲ့ခြင်း ဖြစ်ပြီး ယခုအခါ နောက်ထပ်တစ်နေရာသို့ ထပ်မံရွှေ့ပြောင်းနေခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်အချို့ထံက သိရသည်။
” ကျတော်တို့ ရွာလေးတွေကို သူတို့ တပ်မစွဲခင်ကတည်းက လာလာမီးရှို့တယ်။အခု တပ်စွဲ ပြီးတော့လည်း ထပ်ရှို့တာပဲ။ ရွာထဲလည်း အိမ်မကျန်တော့ဘူး။ အဲဒါတင်မကဘူး။ ကျတော်တို့ ရှောင်နေတဲ့ နေရာတွေပါ လာပြီး နွားတွေ ယူတယ်။ စားစရာရိက္ခာတွေ ယူတယ်။ စက်ပစ္စည်းတွေ ယူတယ်။နေ့မအိပ် ၊ ညမအိပ်ရမို့လို့ ထပ်ရှောင်နေရတယ်” ဟု အုန်းတောမြောက်စုကျေးရွာမှ စစ်ဘေးရှောင်ပြည်သူတစ်ဦးက MPA သို့ ပြောသည်။
စစ်ကောင်စီတပ်သည် ၂၀၂၃ခုနှစ်၊နိုဝင်ဘာကတည်းက အုန်းတောတောင်စုကျေးရွာတွင် တပ်စွဲကာ အမြဲတမ်းစစ်ရှောင်တို့၏နေရာအထိ ရောက်လာကာ အကြမ်းဖက်လုယက်နေခြင်းဖြစ်သည်။
ပြီးခဲ့သည့် မတ်လမှစတင်ကာ အမြဲတမ်းစစ်ရှောင် အိမ်ထောင်စု ၁၀၀ ကျော်တို့မှာ နေရာသစ်သို့ ပြောင်းရွှေ့ကြပြီဖြစ်ပြီး နောက်ထပ် အိမ်ထောင်စု ၁၀၀ခန့် နေရာရွှေ့ရန် ကျန်နေသေးကြောင်း ပေါက်အခြေပြုတော်လှန်ရေး အင်အားစု ဗိုလ်တစ္ဆေတပ်ဖွဲ့ထံက သိရသည်။
” စစ်ရှောင် အိမ်ထောင်စု ၁၀၀ ကျော်လောက်တော့ ရွှေ့ ထားနိုင်ပြီ။ ဒါတောင် တဲ အားလုံး မပြီးသေးဘူး ။ နောက်ထပ် အိမ်ထောင်စု ၁၀၀ ကျော် လောက် နေရာရွှေ့ဖို့ ကျန်သေးတယ်။ လူဦးရေအရဆို ၅၀၀ လောက်ပဲ ရွှေ့နိုင်သေးတာပေါ့ ” ဟု ပေါက်အခြေပြုတော်လှန်ရေး အင်အားစု ဗိုလ်တစ္ဆေ တပ်ဖွဲ့၊ သတင်းနှင့် ပြန်ကြားရေး တာ၀န်ခံ ရဲဘော် သေမင်းက ပြောသည်။
ပေါက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့၏ လူသားချင်းစာနာမှု ကော်မတီက နေရာပြောင်းရွှေ့ရန် အိမ်ထောင်စု တစ်စုလျှင် ကျပ်၅၀,၀၀၀ ကူညီသော်လည်း ယာယီတဲ ဆောက်လုပ်ရန်အတွက် သက်ကယ်တစ်ချပ် ကျပ်၈၀၀နှင့် ဝါးတစ်လုံး ကျပ်၁၅၀၀ ပေါက်ဈေးရှိသောကြောင့် အမြန်ပြောင်းရွှေ့ရန် မလွယ်ကူနေခြင်းဖြစ်ကြောင်း သိရသည်။
” စိုက်ပျိုးမြေ လည်း အကုန်စွန့်၊ အလုပ်အကိုင်လည်း မရှိတဲ့ စစ်ရှောင်တွေ အတွက် တဲတစ်လုံး ဆောက်ဖို့ တကယ် မလွယ်ကူဘူး။ အဲဒါကြောင့် ဖြည်းဖြည်းချင်းပဲ ရွှေ့နေနိုင်တာပါ ” ဟု ရဲဘော် သေမင်းကဆက်လက်ပြောသည်။
အုန်းတော တောင်စု ကျေးရွာ၌ စစ်သား ၃၀ ကျော် တပ်စွဲထားပြီး အုန်းတောတောင်စုရွာနှင့် မြောက်စုရွာတို့မှာ ၁၂ ကြိမ်နှင့်အထက် မီးရှို့ခံထားရကြောင်း သိရသည်။