မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်တိုက်နယ်အတွင်း စစ်ဘေးရှောင်အမျိုးသား သုံးဦး မိုးကြိုးအပစ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။
မေလနှစ်ရက်၊ညနေပိုင်းတွင် မိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်ခတ်သည့်အပြင် မိုးကြိုးလည်း ပစ်ရာ ကြာညှပ်တိုက်နယ်၊ကိုးပင်ရွာအနီးရှိ တောင်ယာခင်းတစ်ခု၌ စစ်ရှောင်နေသော ပြည်သူ ၁၂ ဦး တို့ မိုးကြိုးစက်ကွင်း ထိမှန်ကာ သုံးဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံက သိရသည်။
“ တောင်ယာတဲ ကွင်းပြင်ဖြစ်တော့ သူတို့နားကို မိုးကြိုးပစ်သွားတာ။ ကွင်းပြင်မှာဆိုတော့ စက်ကွင်းထိပြီး သုံးယောက်သေသွားတယ်။ တခြားမိုးကြိုးစက်ကွင်းထိတဲ့ ကိုးယောက်က ဆေးကုသမှုခံယူနေဆဲပါ” ဟု စစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက MPA သို့ပြောသည်။
သေဆုံးသွားသူများမှာ ကိုးပင်ကျေးရွာနေ ကိုမျိုးမြင့် (၅၃ နှစ်)၊ ဦးဇော်ဦး (၄၆ နှစ်)နှင့် ကိုဝင်းဝင်းလွင် (၃၅ နှစ်) တို့ဖြစ်သည်။
” မနေ့ (မေ ၂ ရက်) ညက မိုးကြီးလေကြီးတိုက်တယ်။ မိုးလည်းသည်းတယ်။လေရော ပါတယ်ဆိုတော့ ဒီဘက်ကစစ်ရှောင်တဲတွေက တဲဖြစ်ရုံထိုးထားတာ။တဲ ငါးလုံးပျက်စီးသွားတယ်” ဟုဒေသခံ စစ်ဘေး ရှောင်တစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည် ဧပြီ၂၅ရက်မှစတင်ကာ သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးကာ ကိုးပင်ရွာကို လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်နေသဖြင့် ကိုးပင်ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။