မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်းရှိ ရေမျက်နီစစ်ဘေးရှောင်များအား ကျပ်သိန်း(၁၂၀)ကျော် တန်ဖိုးရှိ ဆန်နှင့်ဆေးဝါးများကို လှူဒါန်းပေးခဲ့ကြောင်း ထီးလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(အနောက်ခြမ်း)က ယနေ့သတင်းထုတ်ပြန်သည်။
Yaw Funding Japanနှင့် Association for piece in Myanmar (CCKK) from Japan တို့၏ လှူဒါန်းမှုအား ထီးလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(အနောက်ခြမ်း)က ဧပြီ ၂၉ ရက်တွင် ကိုယ်စားသွားရောက်လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။
“ ရေမျက်နီရွာက မီးဘေးသင့် အိမ်ထောင် ၂၁၂ စုအတွက် တစ်အိမ်ထောင်ကို ဆန်တစ်အိတ်နှုန်းလှူဒါန်းနိုင်ခဲ့ပါတယ်။ ပြီးတော့ ဓာတ်ဆား၊ အကိုက်အခဲပျောက်ဆေး၊ နှာစေးချောင်းဆိုး၊ သွေးတိုးပျောက်ဆေးစတဲ့ အခြေခံဆေးဝါးတွေကိုလည်း လှူဒါန်းနိုင်ခဲ့ပါတယ်” ဟု ထီးလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(အနောက်ခြမ်း)ရုံးတာဝန်ခံ ကိုပြည့်က MPA ကိုပြောသည်။
ရေမျက်နီကျေးရွာ ရဲကင်းစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်များက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်မှစတင်၍ တစ်ပတ်ကြာစခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ ၈၀ ရာခိုင်နှုန်းသိမ်းပိုက်ရရှိခဲ့သော်လည်း စစ်ကောင်စီ၏ လေကြောင်းပစ်ကူများစွာအသုံးပြုခြင်းနှင့် မြေပြင်စစ်ကူများရောက်ရှိလာခြင်းကြောင့် စခန်းစွန့်၍ နောက်ဆုတ်ခဲ့ကြရသည်။
ထိုအချိန်မှစ၍ ရေမျက်နီဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ရှောင်တိမ်းခဲ့ကြရပြီး ယနေ့အချိန်အထိ နေရပ်ပြန်လည်အခြေချနိုင်ခြင်းမရှိဘဲ စစ်ဘေးရှောင်နေကြရခြင်းဖြစ်သည်။
“ စစ်ရှောင်ကြရတာက အခုဆိုငါးလကျော်ကြာခဲ့ပြီဗျ။ စစ်ရှောင်တွေကတော့ တောတိုက်တွေထဲမှာနေကြရတာရှိသလို တခြားရွာက ဆွေးမျိုးတွေအသိတွေဆီမှာ နေကြရတာလည်းရှိတယ်ဗျ။ မကြာခင် မိုးရာသီလည်းရောက်လာတော့မယ်ဆိုတော့ အမိုးအကာနဲ့ ဆေးဝါးတွေပဲ အဓိကလိုအပ်ပါတယ်” ဟု ရေမျက်နီဒေသခံစစ်ဘေးရှောင်တစ်ဦးက ဆိုသည်။
လက်ရှိတွင် ရေမျက်နီစစ်ကောင်စီစခန်းအား ဒေသကာကွယ်ရေးတပ်ဖွဲ့များက ရိက္ခာဖြတ်တောက် ပိတ်ဆို့ထားပြီး မကြာခဏတိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်များထံက စုံစမ်းသိရှိရသည်။