အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ယခုရက်ပိုင်းအတွင်း နေ့အပူချိန်များမြင့်တက်လာသည်နှင့် အမျှ စစ်ဘေးရှောင်သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ မောပန်း၊ ဖျားနာမှုများရှိနေသဖြင့် ဓာတ်ဆား၊ ဆေးဝါးနှင့် အမိုးအကာများ လိုအပ်လျက်ရှိကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၅)တပ်ခွဲမှူး ဘက က ပြောသည်။
“ အစ်ကိုတို့ဆီမှာရှိတဲ့ စစ်ရှောင်တွေထဲမှာ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေက ၃ ပုံ ၂ ပုံလောက်ရှိတယ်၊ လူလတ်ပိုင်းက တစ်ပုံလောက်ပဲရှိတာ၊ အစ်ကိုတို့ ရဲဘော်တွေတောင် လှုပ်ရှားမှုလုပ်ရင်မောနေတာ၊ စစ်ရှောင်အဖိုး၊ အဖွားတွေ၊ ကလေးတွေဆို ပိုဆိုးတာပေါ့၊ လိုတာတော့ ဆေးဝါးတွေပေါ့၊ ဆေးကပြတ်နေတာ ရက် ၂၀ လောက်ရှိပြီ၊ အဓိကလိုအပ်တာတော့ ဓာတ်ဆားထုတ်တွေပေါ့၊ အဲဒီ ဓာတ်ဆားတွေရှိမှ လူကြီးတွေ ကလေးတွေ တိုက်လို့ရမှာ”ဟု ၎င်းကရှင်းပြသည်။
လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမတောင်ခြေအစပ်ရှိကျေးရွာများကို ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် ဒေသခံအများအပြားမှာ တော၊ တောင်များအတွင်းသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရသဖြင့် အမိုးအကာများလိုအပ်လျက်ရှိကြောင်း အသက် ၄၀ အရွယ် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
“ထွက်ပြေးလာရတာ ဘာမှယူမလာရဘူး။ အမိုးအကာတွေလည်းမရှိဘူး။ အစ်မတို့အဖွဲ့တင် ၅၀ လောက်ရှိတယ်၊ တအားပူတော့ နေစရာမရှိဘူး။ အသက်ကြီးတဲ့သူတွေက အပူဒဏ်မခံနိုင်တော့ စမ်းချောင်းဘေးတွေ သွားနေရတယ်၊ အမိုးအကာတွေလှူပေးစေချင်တယ်”ဟု ၎င်းက ဆိုသည်။
နေ့အပူချိန်များမြင့်တက်လာခြင်းကြောင့် သက်ကြီးရွယ်အို အဖိုး၊ အဖွားများအနေဖြင့် ဦးနှောက်သွေးကြောပြတ်၍ သေဆုံးခြင်းများဖြစ်ပေါ်လာနိုင်ပြီး ချွေးထွက်လွန် မောပန်း၍ အသက်ရှုမဝခြင်းများဖြစ်နိုင်သလို ကလေးငယ်များအနေဖြင့်လည်း ကျောက်ပေါက်ခြင်း၊ အနာပေါက်ခြင်းများဖြစ်ပေါ်လာနိုင်ကြောင်း သာယာဝတီမြို့နယ်အတွင်းရှိ CDM ဆရာဝန်တစ်ဦးက သတိပေးသည်။
“ကိုယ့်မြို့၊ ကိုယ့်ရွာမှာနေတဲ့ လူကြီးတွေတောင် အပူချိန်လွန်ကဲလာရင် ဦးနှောက်ကြောပြတ်သေဆုံးမှုတွေ ခဏခဏဖြစ်နေတာ၊ မနှစ်က နွေရာသီတုန်းကလည်းအခုလိုပဲ။ ဒီနှစ်က အခုမှ နွေရာသီအစရှိသေးတာ တပေါင်း၊ တန်ခူးဆိုဘယ်လောက်အပူချိန်မြင့်မားလာမလည်းမသိဘူး။ တောထဲတောင်ထဲက အဖိုးအဖွားတွေ အင်မတန်စိတ်ပူဖို့ကောင်းတယ်” ၎င်းကဆိုသည်။
အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် လာမည့် စိုက်ပျိုးရာသီတွင် မိုးခေါင်ခြင်း၊ ရေရှားပါးခြင်းနှင့် အပူဒဏ်ကြောင့် အပင်ရောဂါကျရောက်မှုများ ပိုမိုဖြစ်ပွားလာနိုင်ပြီး စိုက်ခင်းပျက်စီးဆုံးရှုံးမှုများ ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း စိုက်ပျိုးရေးပညာရှင်များက ခန့်မှန်းထားကြသည်။