တိုက်ပွဲ ပြင်းထန်ခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်နေသည့်အတွက် စစ်ရှောင်များအတွက် စားနပ်ရိက္ခာ ဝယ်ယူရန်ခက်ခဲနေကြောင်းသိရသည်။
ဇန်နဝါရီ ၁၈ရက်မှစတင်ကာ မိုးမိတ်မြို့ပေါ်၌ စစ်ကောင်စီတပ်နှင့်ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည့်အတွက် မြို့နေပြည်သူများနှင့် စစ်ဘေးသင့် ရွာ၂၂ရွာမှ စုစုပေါင်း စစ်ရှောင် ပြည်သူ ၃၄၀၀ ကျော်တို့သည် မိုးမိတ်မြို့ပြင်ရှိ ဘေးလွတ်ရာ ကျေးရွာများ၊ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ဇရပ်တို့တွင် တိမ်းရှောင်နေရခြင်းဖြစ် ကြောင်း မန္တလေးနှင့် အခြားမြို့အချို့သို့ တိမ်းရှောင်သွားသူများလည်းရှိကြောင်း စစ်ရှောင်ကူညီပေးနေသူတစ်ဦးကပြောသည်။
“ အ ခုအခြေအနေက အလှူရှင်တွေလိုအပ်နေတဲ့အခြေအနေပါ။ စားနပ်ရိက္ခာတွေလည်းတော်တော်ကိုလိုအပ်နေတယ်။ စစ်ရှောင်တဲ့နေရာကနေ ကျောက်မဲ မြို့နယ်ထိ ဆိုင်ကယ်၊ကားတွေနဲ့ ရိက္ခာသွားဝယ်ရတာ။အခုစက်သုံးဆီလည်းပြတ်တော့ စားစရာဟင်းမရှိဘူးပေါ့နော်” ဟု ၎င်းကပြောသည်။
မိုးမိတ်စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာအပြင် ကျန်းမာရေးစောင့်ရှောက်မှု များပါလိုအပ်နေကြောင်း သိရသည်။
“ တိုက်ပွဲ ဖြစ်တော့ ဆရာဝန်တွေ၊ဆေးခန်းတွေလည်းမရှိတော့ဘူး။ ကျန်းမာရေးနဲ့ပတ်သက်ပြီး လည်း ဆေးဝါးတွေလိုအပ်တာတွေရှိတယ်။ အရင်ကူညီပေးနေတဲ့အဖွဲ့တွေဆီမှာလည်း ရန်ပုံငွေမလုံလောက်တော့ဘူး” ဟု၎င်းကပြောသည်။
လက်ရှိတွင်မိုးမိတ်မြို့ကို စစ်ကောင်စီတပ်က နေရာယူထိန်းချုပ်ထားပြီး မြို့ထဲသို့ ပြန်ဝင်သူတွေကို ဖမ်းဆီး၊ပစ်သတ် နေခြင်းကြောင့်မြို့ပေါ်သို့ မပြန်ရဲကြကြောင်း ဒေသခံအချို့ထံက သိရသည်။
“ပြန်သွားတဲ့သူတွေကိုလည်း ဖမ်းထားတာတွေရှိတယ်။မြို့ထဲက သေချာပိတ်ထားတဲ့ဆိုင် ခန်းတွေလည်း ခိုးယူကုန်ပြီ” ဟု ဒေသခံတစ်ဦးကပြောသည်။
မိုးမိတ်မြို့နယ်အတွင်းဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပြတ်တောက်နေသည်ဟုသိရသည်။
မိုးမိတ်မြို့ပေါ်ရှိ နေအိမ်များစွာမှာ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပြာကျနေပြီဖြစ် ကြောင်းသိရသည်။