စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ရေးတင်းမာလျက်ရှိပြီး ဒေသခံ ပြည်သူ တစ်သောင်းခွဲခန့် အရေးပေါ် စစ်ရှောင်နေရကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ယနေ့(ဒီဇင်ဘာ၁ရက်)တွင် ပုလဲမြို့နယ် ကျေးရွာများသို့ စစ်ကြောင်းထိုး လျက် ရှိရာ ဒေသခံ PDFတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သလို လေကြောင်းတိုက်ခိုက်မှုလည်းပြုလုပ် ခဲ့ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
” စစ်ကောင်စီကနေ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့က ဒီနေ့ ဒီဇင်ဘာလ ၁ရက်နေ့အထိ ဂျက်ဖိုက်တာနဲ့ ၄ ကြိမ် ၊ Mi 35 နဲ့ ၉ ကြိမ် ၊စုစုပေါင်း ၁၃ ကြိမ်အထိ အလွန်အကျွံ လေကြောင်းသုံးတိုက်ခိုက်နေတာပါ။ အခုထိ စစ်ရေးတင်းမာနေဆဲပဲ ဖြစ်ပါတယ်” ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇော်ထွန်းကပြောသည်။
စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုနှင့် လေကြောင်း တိုက်ခိုက်မှုတို့ကြောင့်ပုလဲမြို့နယ်၊ မင်းတိုင်ပင် ၊ကုက္ကိုကုန်း ၊မြကုန်း၊နွယ်ရှောက်၊လက်ပုကန်နှင့် နှောကန်ကျေးရွာမှပြည်သူများ အရေးပေါ်စစ်ရှောင်နေကြရသည်။
” စစ်ရှောင်တွေကို ပြည်သူမှပြည်သူ ကူညီရင်း ဒီခရီးကို ဆက်လျှောက်ကြရပါဦးမယ်။ကျနော်တို့ အခြေအနေအရ တစ်ထောက်နားရင်တော့နားမယ်။ နောက်ကြောင်းပြန်လှည့်စရာတော့ မြေမရှိဘူး” ဟု ပုလဲလူထုသပိတ်တိုက်ပွဲ ဦးဆောင်သူ ကိုတိုးဝေအောင်က ပြောသည်။
စစ်ဘေးရှောင်ပြည်သူများကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊လူသားစာနာအဖွဲ့က တက်စွမ်းသ၍ ကူညီထောက်ပံ့ပေးနေကြောင်းလည်း သိရသည်။
” စစ်ရှောင်နေရတယ်ဆိုမှတော့ ခက်ခဲတာပေါ့။ ဒါပေမယ့် တစ်ကြိမ် တစ်ခါမဟုတ်တော့ဘူး။ ခဏခဏရှိပြီ။အိမ်မီးရှို့ခံရလို့လည်း ဘာမှမဖြစ်တော့ဘူး။ စစ်သားဆို ကြားကို မကြားချင်တော့ဘူး” ဟု ပုလဲစစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။
ယနေ့ မွန်းလွဲ ၂နာရီခန့်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး မစိုးရိမ်ရဒဏ်ရာရခဲ့ပြီး ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်းသိရသည်။
ယနေ့ မွန်းလွဲ ၁နာရီခန့်တွင် ပုလဲမြို့နယ်၊မြကုန်းရွာအနီး စစ်တပ်နှင့် PDF တို့ တိုက်ပွဲဖြစ်ပွားပြီး နောက် မြကုန်းရွာကို စစ်တပ်က ဝင်ရောက်မီးရှို့ခဲ့သေးသည်။


