မန္တလေးတိုင်း၊မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာကို စစ်ကောင်စီတပ်က ၂ရက်ဆက်တိုက် မီးရှို့ ခဲ့ပြီး ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
နိုဝင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင်စစ်ကောင်စီတပ်က မီးရှို့ခဲ့ရာ ပြည်သူ့နေအိမ် အလုံး၂၀ကျော် ပြာကျခဲ့ပြီး သုံးဆယ်ပေးကျေးရွာအပါအဝင် ငယ်တိုး၊သဖန်းဒေါင့်၊သနပ်ကုန်း၊ဆူးလေကုန်း၊ရွှေဘောင်၊ကုန်းတန်းကြီးနှင့် ကုန်းတန်းလေးတို့မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအချို့ထံကသိရသည်။
“ တစ်နေ့က သူတို့တပ်စွဲတဲ့နေရာကို တိုက်ခိုက်မှုကြောင့်ပါ။အဲ့ဒီနောက်ပိုင်းပြည်သူအိမ်တွေကိုမီးတင်ရှို့နေတာ။တစ်နေ့နဲ့ မနေ့ကဆိုရင် နေအိမ်အလုံး ၂၀လောက်ရှိပြီမီးလောင်တာ” ဟုမတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းတာဝန်ခံ ရဲဘော်ဘိုတောက်က ပြောသည်။
သုံးဆယ်ပေး ကျေးရွာရှိစစ်သားများကို ဒေသတွင်းPDF တပ်ဖွဲ့များက နိုဝင်ဘာ ၁၉ရက် မနက်ပိုင်း၌ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် ပြည်သူ့အိမ်များအား မီးရှို့ခဲ့ခြင်းဖြစ်ပြီး
တိုက်ခိုက်မှုကြောင့် စစ်သားများ ထိခိုက်သေဆုံးမှုအခြေအနေကို သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
“ မန္တလေးမြို့ပေါ်တို့ အနီးဝန်းကျင်ရှိကျေးရွာတွေတို့ တောတိုက်တွေတို့မှာတိမ်းရှောင်နေတာရှိပါတယ်။ အဖမ်းခံရတဲ့သတင်းတော့မရှိပါဘူး၊စစ်တပ်ဘက်ကတခြားဘက်တွေကိုလက်နက်ကြီးပစ်နေတာတွေရှိပေမယ့် ပြည်သူတွေထိခိုက်မှုမရှိပါဘူး” ဟုရဲဘော် ဘိုတောက်ကပြောသည်။
စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း မတ္တရာမြို့နယ်အတွင်းရှိပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်လျက်ရှိပြီး စစ်တပ်က ဖမ်းဆီးသွားသည့် သရက်ကိုင်းကျေးရွာက စစ်ရှောင် အမျိုးသား၆ဦး၏အလောင်းများအား နိုဝင်ဘာ၁၇ရက်က တွေ့ခဲ့ကြောင်း သိရသည်။
“ ဒီဘက်မှာစစ်ရေးပြင်းထန်နေတော့ စစ်တပ်ဘက်က အမျိုးသားဆိုတွေ့သမျှသတ်နေတာ၊လက်ဖက်ရည်ဆိုင်ထိုင်နေသူတွေလည်းအသတ်ခံထားရသေး တယ်လေ” ဟု မတ္တရာဒေသခံတစ်ဦးကပြောသည်။
နိုဝင်ဘာ၁၆ရက်၊နံနက်ပိုင်းက မတ္တရာမြို့နယ်၊ပတ်လည်အင်းကျေးရွာမှ စစ်သားများ တိုက်ခိုက်ခံခဲ့ရပြီးနောက် အောင်ကန်သာရွာက လက်ဖက်ရည်ဆိုင်ပိုင်ရှင်အပါအဝင် လက်ဖက်ရည်ဆိုင်ထိုင်နေသူ ၁၁ဦးကို စစ်တပ်က အကြောင်းမဲ့ပစ်သတ်ခဲ့သေးသည်။