စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ငါးရန့်အိုကျေးရွာနေ သွေးနုသားနု အမျိုးသမီးတစ်ဦး စစ်ကောင်စီ တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ကာ သေဆုံးသွားကြောင်း သိရသည်။
နိုဝင်ဘာ၁၀ရက်၊ညနေပိုင်းတွင် စစ်ကောင်စီတပ် အခြေစိုက်ရာ မြင်းခြံမြို့နယ်၊ညောင်တိုရွာမှာနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ငါးရန့်အိုရွာရှိ မမာလာ(၂၁နှစ်)အိမ်ပေါ်သို့ လက်နက်ကြီးကျည် ကျရောက် ခဲ့ပြီး ခြေထောက်ဒဏ်ရာနှင့်သွေးလန့်ကာ ယနေ့(နိုဝင်ဘာ၁၁ရက်)နံနက်ပိုင်း၌ သေဆုံးခဲ့ခြင်းဖြစ် ကြောင်း ဒေသခံအချို့ထံက သိရသည်။
မြောင်မြို့နယ်၊မင်းလှရွာနှင့် ငါးရန့်အိုရွာတို့ကို နိုဝင်ဘာ ၁၀ ရက်၊မွန်းလွဲ ၃နာရီကျော်၌ တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ညောင်တိုရွာမှ လက်နက်ကြီးဖြင့် ဆက် လက်ပစ် ခတ်ခဲ့ခြင်းဖြစ်သည်။
“ မင်းလှနဲ့ ငါးရန့်အိုက ကပ်ရက် ရွာပါ။ လေယာဉ်နဲ့ ပစ်အပြီး ညောင်တို ရွာကပါ ထပ်ပစ်တယ်။ မမာလာ အိမ်ကို အတည့်ကျတာပါ ။ခြေထောက်လည်း ဒဏ်ရာရ ၊ မီးလည်း ဖွားပြီးစ သွေးနု သားနုဆိုတော့ လန့်သွားတာလည်း ပါတယ်” ဟု သေဆုံးသူအမျိုးသမီးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
မမာလာမှာ အောက်တိုဘာ ၁၆ ရက်နေ့တွင် မီးဖွားခဲ့ခြင်းဖြစ်ပြီး ကလေးငယ်မှာလည်း အောက်တိုဘာ ၂၆ ရက်နေ့၌ စစ်ကြောင်းရှောင်ရင်း သေဆုံးခဲ့သည်။
“ မမာလာ က အရင်လကမှ သမီးလေး မွေးထားတာပါ ။ တလတောင် မပြည့်သေးဘူး ။ကလေးလေးကလည်း ၂၆ ရက်နေ့ စစ်ကြောင်း၀င်လို့ စစ်ရှောင်ရင်း သေသွားခဲ့တာရယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ် ဂျက်ဖိုက်တာပေါ်မှ ပစ်ခတ်မှုကြောင့် ပြည်သူ ၆ ဦး ဒဏ်ရာရခဲ့ပြီး မင်းလှ ကျေးရွာမှ တစ်ထပ် စာသင်ဆောင် တစ်လုံး၊နှစ်ထပ်အဆောင် အပေါ်ထပ် ပျက်စီး၍ နှစ်ထပ် ဘုန်းကြီးကျောင်း တစ်ဆောင် ၊ စေတီ တစ်ဆူနှင့် အုတ်တံတိုင်းတို့ ပျက်စီးခဲ့ကြောင်း မင်းလှရွာအနီး နေ ဒေသခံတစ်ဦးကပြောသည်။
“ ဘာတိုက်ပွဲမှလည်း မရှိဘူး၊ စစ်ကြောင်းလည်း ရှိမနေပါဘူး၊ ဒီတိုင်း လာပစ်တာ ပါ” ဟု ၎င်း က ပြောသည်။
မင်းလှရွာနှင့် ငါးရန့်အိုရွာတို့မှာ ဧရာဝတီမြစ်အနောက်ဘက်ခြမ်းတွင်ရှိပြီး ညောင်တိုရွာမှာ ဧရာဝတီ မြစ် အရှေ့ဘက်ခြမ်းတွင် တည်ရှိသည်။