ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်သော စစ်ကိုင်းတိုင်း၊ ခမ်းပါတ်မြို့ရှိ အမှတ် (၁) ရပ်ကွက်တွင်နေထိုင်သည့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် အိမ်ပြန်ခွင့် မရရှိသေးကြောင်း ဒေသခံများထံက စုံစမ်းသိရှိရသည်။
ခမ်းပါတ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (ပကဖ)နှင့် တော်လှန်ရေးအဖွဲ့များက နိုဝင်ဘာ ၃ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၇ ရက်နေ့တွင် အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်သည်။
“လေကြောင်းရန်ရော၊ ပြီးတော့ စစ်ကောင်စီဘက်ကပစ်ထားတဲ့ လက်နက်ကြီးအဆံတွေ မကွဲသေးတာတွေ ရှိနေသေးတယ်။ ဆိုတော့ ကျွန်တော်တို့အပြီးသတ်ရှင်းလင်းရေး မဝင်ရသေးတဲ့အတွက်ကြောင့်ပါဗျ။ အဲ့ဒါ ကြောင့်ဝင်ခွင့်မပေးသေးတာပါ”ဟု တမူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၂) တာဝန်ရှိသူက MPA ကိုပြောသည်။
ခမ်းပါတ်မြို့၊ အမှတ် (၁) ရပ်ကွက်သည် စစ်ကောင်စီတပ်စခန်းကုန်း၏ တောင်ဘက်ကပ်လျက်တွင် တည်ရှိပြီး တိုက်ပွဲစတင်ဖြစ်ပွားစဥ်ကတည်းက နေအိမ်စွန့်ခွာရှောင်တိမ်းခဲ့ကြရပြီး စစ်ရှောင်ပြည်သူ ၅၀၀၀ခန့်ရှိသည်ဟု သိရသည်။
“အမှတ်၂၊ ၃၊ ၄ ရပ်ကွက်တွေကတော့ ပြန်ရောက်ကြပြီ။ အမှတ် ၁ ပဲ ကျန်တော့တာ။ အမှတ် ၁ ရပ်ကွက် တံတားထိပ်ကနေ ပိတ်ထားတယ်။ ဝက်စာကျွေး၊ ပစ္စည်းယူတော့ ပြန်လို့ရတယ်။ ဝင်ပြီးနေလို့မရသေးတာ” ဟု ခမ်းပါတ်မြို့အမှတ် (၂) ရပ်ကွက်တွင်နေထိုင်သည့် မြို့ခံတစ်ဦးက MPA ကိုပြောသည်။
အမှတ် (၁) ရပ်ကွက်က စစ်ဘေးရှောင်များသည် လက်ရှိတွင် ကျွန်းတော၊ နန်းကတိတ်၊ နန်းခေါက်ခေါက်၊ နန်းစံပြကျေးရွာများနှင့် ခမ်းပါတ်မြို့ပေါ်ရှိ အခြားရပ်ကွက်များတွင် သွားရောက်နေထိုင်နေကြရပြီး ရပ်ကွက် အတွင်း ပြန်လည်နေထိုင်ရန် ရက်သတ္တပတ် တစ်ပတ်ခန့်ကြာမြင့်ဦးမည်ဟုခန့်မှန်းရကြောင်း ၎င်းကဆက်လက် ပြောသည်။
“အဓိကကတော့ စားရေးသောက်ရေးပဲအခက်အခဲရှိတယ်။ အမျိုးအိမ်တွေသွားနေလည်း ကြာရင် ဆန်၊ ဆီ၊ ဆားကခက်ခဲလာတော့လေ။ အခုကတော့ ဘုရားကျောင်းတွေကနေပဲ တာဝန်ခံကျွေးမွေးထားပါတယ်။ ZBA အသင်းတော်၊ နန်းကတိတ်က RC အသင်းတော်တွေက ကျွေးမွေးထားတယ်ဗျ။ လူပေါင်းထောင်ချီကျွေးရတော့ သူတို့လည်းမလွယ်ဘူး။ ကြာရင်ပိုခက်ခဲမယ်ဗျ။ အလှူရှင်တွေနဲ့ ချိတ်ဆက်နေတာမျိုးတော့ ရှိတာပေါ့နော်”ဟု အမှတ် (၁) ရပ်ကွက်က စစ်ဘေးရှောင်အမျိုးသားတစ်ဦးက MPA ကိုပြောသည်။
ခမ်းပါတ်မြို့သည် ကလေး-တမူးကြား အာရှအဝေးပြေးလမ်းမကြီးပေါ်တွင်တည်ရှိပြီး ကလေးမြို့နယ်နှင့် တမူးမြို့နယ်တို့တွင်လည်း တိုက်ပွဲများပြင်းထန်လျက်ရှိရာ လမ်းကြောင်းများပိတ်ဆို့နေပြီး စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကိုလည်း စိုးရိမ်နေရသည်ဟုသိရသည်။




