စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ပြည်သူ တစ်သောင်းခွဲကျော်သည် ၂နှစ်နီးပါး စစ်ဘေးရှောင်နေရသည့် အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်ချက်များရှိနေကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ စုံစမ်းသိရှိရသည်။
ပြီးသည့်နှစ် (၂၀၂၂ခုနှစ်) ၊ ဖေဖော်ဝါရီလမှစကာ ကန့်ဘလူမြို့ရှိ လျှော်ဖြူကုန်း၊ ဇီးကနား၊ ပေါက်ကုန်း၊ ဇော်ချောင်းစ သည့် ကျေးရွာများအပါအဝင် ကျေးရွာပေါင်း (၃၀)ကျော်ခန့်ရှိပြီး၊ အများစုသည် ချပ်သင်းတိုက်နယ်၊ ကိုးတောင်ဘို့တိုက်နယ် နှင့် ပင့်သာတိုက်နယ်အတွင်းမှ ကျေးရွာများသည် အမြဲတမ်းစစ်ဘေးရှောင်အဖြစ် စစ်ရှောင်နေရကြောင်း၊ ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။
“ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလလောက်ကတည်းက ရှောင်နေကြရတာပါ၊ တောထဲမှာ တဲထိုးပြီး နေကြတာတွေ ရှိတယ်။ နီးစပ်ရာရွာတွေမှာ ရွေ့ပြောင်းပြီး နေနေကြတာတွေ ရှိတယ်။ တစ်ချို့လည်း မြို့ပေါ်ကို ရှောင်ပြေးကြတာတွေရှိတယ်။ တစ်ချို့ရွာတွေက စစ်တပ်အထိုင်စခန်းတွေနဲ့နီးတယ်။ ဥပမာ လျှော်ဖြူကုန်းတို့ ပေါက်ကုန်းတို့ပေါ့၊ ကိုးတောင်ဘို့ အထိုင်စခန်းရှိတယ်။ အဲဒီတော့ မနေရဲကြတော့ဘူးပေါ့နော်၊ နောက်တစ်ခုကတော့ မီးဘေးသင့်ရွာတွေပေါ့၊ နေစရာမရှိ တော့တဲ့အခါ ရွာထဲမှာ ပြန်မနေကြတော့ဘဲ တဲထိုးနေကြတယ်။ ပဇီကြီးလိုရွာမျိုးပေါ့နော်၊ ရွာထဲမှာ လုံးဝ မနေရဲတော့ ဘူး။ အများစုကတော့ တောတွေထဲမှာပဲ တဲထိုးပြီး နေကြရတာပါ “ ဟု ၎င်းက ပြောသည်
စစ်ဘေးရှောင်များသည် ကျေးရွာများသို့ ပြန်ဝင်မရသောကြောင့် ထောက်ပံ့ပေးနေသော အလှူရှင်များ၏ အကူအညီ ဖြင့်လည်းကောင်း၊ နီးစပ်သည့် ရွာများမှ စိုက်ကွက်များတွင် လယ်ယာလုပ်ငန်းများ လုပ်ကိုင်စားသောက်၍ သော်လည်း ကောင်း၊ ရပ်တည်နေရကြောင်း သိရသည်။
“ ကန့်ဘလူမြို့နယ်ထဲမှာကိုက တစ်ရွာနဲ့တစ်ရွာမတူဘူး၊ တချို့လည်း နီးစပ်ရာရွာကနေမှ အလှူခံပြီး ကျွေးတာ တွေရှိတယ်။ ပဇီကြီးလိုရွာမျိုးကြတော့ အလှူရှင်တွေက စီစဉ်ပေးတာတွေ ရှိတယ်။ တချို့လည်း စိုက်ကွက်တွေမှာ လယ်ယာလုပ်ပြီး နေနေကြတယ်။ အခုနောက်ပိုင်းဆို အလှူရှင်တွေရဲ့ ထောက်ပံ့မှုက တော်တော်ကို နည်းသွားပြီလို့ ပြောလို့ရတယ်။ တချို့ရွာတွေဆို မရှိသလောက်ကို ရှားသွားတာ” ဟု ၎င်းက ဆက်ပြောသည်။
ထို့ပြင် ကန့်ဘလူမြို့နယ်သည် မြွေများပေါသော အပူပိုင်းဇုန်ဒေသဖြစ်ကာ ဒေသခံပြည်သူများမှာ စစ်ဘေးနှင့် မြွေ အန္တရာယ်တို့ကိုပါ ရင်ဆိုင်ကြုံတွေ့နေရပြီး၊ မြွေဆိပ်ဖြေဆေး မလုံလောက်မှုများကြောင့် အသက်ဆုံးရှုံးလိုက်ရသည် များလည်း ရှိကြောင်း သိရသည်။
” မြွေဆိပ်ဖြေဆေးကတော့ လုံလောက်မှု ရှိမနေပါဘူး။ ကျတော် အခုသိရသလောက်ဆိုရင် ပင့်သာတိုက်နယ်ထဲမှာကို မြွေဆိပ်ဖြေဆေး ပြတ်လပ်နေတာတွေ ရှိတယ်။ BPIဆေးဆိုရင် မြွေကိုက်လူနာတစ်ဦးကို စနစ်တကျထိုးပေးရင် ၈လုံးလောက် ထိုးပေးရတယ်လို့ ဆရာဝန်တွေရဲ့ ပြန်ပြောပြချက်အရ သိရတယ်။ မြွေဆိပ်ဖြေဆေး တစ်လုံးနှုန်းက အနည်းဆုံး မရှိဘူးဆိုရင် တစ်သိန်းခွဲနဲ့ နှစ်သိန်းကြားမှာ ရှိတယ်။ မြွေကိုက် လူနာများတဲ့အခါကြတော့ မြေပြင်တကယ့် လိုအပ်ချက်ဆိုရင် မကာမိဘူး ဖြစ်တာပေါ့” ဟု ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာ၀န်ရှိသူတစ်ဦး က ဆက်လက်ရှင်းပြသည်။
ယင်းအပြင် စစ်ဘေးရှောင်များသည် တောထဲများတွင် တဲထိုးနေထိုင်နေကြရသော်လည်း၊ အမြဲတမ်း စစ်ရှောင်နေရ သည်မှာ တစ်နှစ်နှင့်ရှစ်လကျော်ကြာမြင့်လာပြီဖြစ်သောကြောင့် စားဝတ်နေရေးအတွက် စစ်ဘေး နှင့် မြွေဆိုး အန္တရာယ်များကြားတွင် စိုက်ပျိုးလုပ်ကိုင်နေကြရသည်။
” ဆေးအလုံအလောက် မရှိတော့ ကုသဖို့ခက်ခဲတာရော၊ နောက် တချို့ကငွေကြေးမတတ်နိုင်ကြတော့ ကြားဖူးနားဝ ဆေးမြီးတိုတွေနဲ့ လုပ်ကြတယ်။ အဲဒီတော့ အချိန်မမှီဘဲ အသက်ဆုံးရှုံးလိုက်ရတာတွေ ရှိပါတယ်။ စားဝတ်နေရေး ကလည်း ရှိသေးတော့ ဒီလိုအန္တရာယ်တွေကြားကနေပဲ၊ လုပ်ကိုင်စားသောက်နေရတာပေါ့” ဟု ကိုးတောင်ဘို့တိုက်နယ် မှ ဒေသခံပြည်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် ကျွန်းလှကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့နှင့် ကန့်ဘလူခရိုင် PDFဆေးတပ်ဖွဲ့မှ ဆရာဝန်များ ပူးပေါင်းကာ ကျေးရွာများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။





