ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက်ရှိ ကျေးရွာများမှ စစ်ဘေးရှောင် တစ်ထောင်ခန့် သည် စားဝတ်နေရေးကြောင့်၊ နေရပ်ပြန်ခဲ့သော်လည်း၊ တောင်ယာများ၌ စစ်ကောင်စီ ထောင်ထားခဲ့သည့် မြေမြှပ်မိုင်း များကြောင့် စိုးရိမ်ထိတ်လန့်နေရကြောင်း MPA က စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်မှ စတင်ကာ၊ စစ်ကောင်စီတပ်နှင့် KIA၊ SSPP တို့ သီန္နီ-ချင်းရွှေဟော် လမ်းမကြီး တရုတ်ကုန်သွယ်ရေး စင်္ကြံတစ်လျှောက်ရှိ ကျေးရွာများ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ပွဲများကြောင့် ပိန်းကန်း၊ ကွန်ကောက်၊ ပိန်းဟုန်း၊ ဝမ်ဟယ်၊ တန့်ခန်၊ နောင်မောင်း၊ ဟိုနောင်နှင့် ဖိုင်ခမ်း ကျေးရွာ ရှစ်ရွာမှ ဒေသခံ တစ်ထောင်နီးပါးသည် ဟိုမိန်းဘုန်းကြီးကျောင်း၌ စစ်ဘေးရှောင် နေထိုင်ခဲ့ရကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းက အဆိုပါ စစ်ဘေးရှောင်များအနက် အမျိုးသားအများစုမှာ စားဝတ်နေရေး အခက်အခဲကြောင့် ကျေးရွာများသို့ တောင်ယာလုပ်ရန် ပြန်သွားခဲ့ကြသော်လည်း၊ ယင်းတောင်ယာများ၌ စစ်ကောင်စီတပ်များက မြေမြှပ်မိုင်းများ ထောင်ထားခဲ့သဖြင့် စိုးရိမ်ထိတ်လန့်နေရခြင်းဖြစ်သည်။
” ဟိုမိန်းဘုန်းကြီးကျောင်းမှာ တိမ်းရှောင်နေတဲ့ တစ်ချို့တစ်ဝက်ကတော့ ပြန်သွားပါပြီ။ အဓိက ပြန်သွားတာကတော့ အမျိုးသားတွေ ပြန်သွားတာပေါ့။ စားဝတ်နေရေးကြောင့် မပြန်မဖြစ်လို့ ပြန်သွားတာပေါ့။ ဒါပေမယ့် အခုရွာနားမှာ မြေမြှုပ်မိုင်းတွေ တွေ့တာမျိုးတွေရှိတော့ မြေမြှုပ်မိုင်း အန္တရာယ်တော်တော် စိုးရိမ်နေရတယ်” ဟု ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့မှ မယိင်းလျန်းဟန်က ပြောသည်။
အဆိုပါ မြေမြှပ်မိုင်းများကို စစ်ကောင်စီတပ်များက တောင်ယာပြုလုပ်သည့် နေရာများ၌ ထောင်ထားခဲ့ခြင်းဖြစ်ပြီး၊ ယင်းနေရာများတွင် စစ်ကောင်စီတပ် စခန်းချခဲ့သည့် နေရာများဖြစ်ကြောင်းလည်း သိရသည်။
ဟိုမိန်းဘုန်းကြီးကျောင်း၌ စစ်ရှောင်ခဲ့သူများအနက် ၆၀ ရာခိုင်နှုန်းခန့် နေရပ်ပြန်ခဲ့ခြင်းဖြစ်ပြီး၊ အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အို အများစုပါဝင်သည့် လေးဆယ်ရာခိုင်နှုန်းခန့်သော စစ်ရှောင်များသသည် ဟိုမိန်းဘုန်းကြီးကျောင်း၌ ဆက်ရှိနေသည်ဟု သိရသည်။
လက်ရှိတွင် ကျေးရွာများအနီး၌ တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်ရေးတင်းမာနေစဲ ဖြစ်သဖြင့် ဒေသခံများမှာ ကတုတ်ကျင်းများတူးကာ နေထိုင်နေရသည်ဟု သိရသည်။
” အခုက ရွာတွေမှာတော့ တိုက်ပွဲတွေ မဖြစ်ပေမယ့် စစ်ရေးက တင်းမာနေတုန်းပေါ့။ ဒေသခံတွေကလည်း ကတုတ်ကျင်းတွေတူးပြီး နေနေရတယ်။ နောက်တစ်ခါ စစ်ရှောင်ဖို့အတွက်လည်း အသင့်ပြင်ထားရတာပေါ့” ဟု စစ်ရှောင် ပြည်သူတစ်ဦးက ဆိုသည်။
ပြီးခဲ့သည် အောက်တိုဘာ ၅ရက်မှ အောက်တိုဘာ ၁၀ရက်အတွင်း ဖြစ်ခဲ့သည့် တိုက်ပွဲများအကြား၊ စစ်ကောင်စီတပ် ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကွန်ကောက်ကျေးရွာအုပ်စုမှ ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦး နေအိမ်၌ ရှိနေစဥ် လက်နက်ကြိးထိမှန်ခဲ့ပြီး လွယ်ထားရသည့် ကလေးသေဆုံးခဲ့ရပြီး၊ ကျေးရွာသုံးရွာမှ နေအိမ်အချို့ ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။
အလားတူ အောက်တိုဘာ ၇ရက်က စစ်ကောင်စီ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ကွန်ကောက် ဘုန်ကြီး ကျောင်း ထိမှန်ပျက်ဆီးခဲ့ပြီး၊ ကျောင်းနေ ကိုရင်နှင့် ဘုန်းကြီး ၁၀ပါးတို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးသည်။


