ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်၊ ဒီးမော့ဆိုနှင့် မိုးဗြဲမြို့တို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မိုးကြီးကာ၊ ရေကြီးရေ လျှံမှုများဖြစ်ပေါ်ခဲ့ပြီး၊ စစ်ဘေးရှောင်များ ရေဘေးသင့်ခဲ့သည့်အတွက် စားနပ်ရိက္ခာနှင့် နေထိုင်စရာ အခက်အခဲ ဖြစ်ပေါ်နေကြောင်း၊ စစ်ဘေးရှောင်များထံမှ စုံစမ်းသိရှိရသည်။
“ မိုးကအဆက်မပြတ်ရွာနေတာ၊ ရေကကျတယ်လို့လဲမရှိဘူး။ နေရာကတစ်နေရာပြီး တစ်နေရာပြောင်းရ၊ လူဦးရေက လည်း၊ ၂၀၀၀ ခန့်လောက်ဆိုတော့ နေစရာကော၊ စားစရာကောအခက်အခဲဖြစ်တယ်။ ဘယ်အလှူရှင်၊ ဘယ်အဖွဲ့ အစည်းမှလည်း မလာဘူး” ဟု လွိုင်ကော်မြို့ရှိ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက MPA သို့ပြောသည်။
ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်များအနေဖြင့် ရေကြီးရေလျှံမှုကြောင့် အခက်အခဲများဖြစ်ပေါ်နေသည့်အပြင်၊ မြေပြိုခြင်းနှင့် စစ်ကောင်စီ စစ်ကြောင်းရန်ကိုလည်း ကြောက်လန့်နေရကြောင်း ၎င်းက ဆိုသည်။
“ ကျတော်တို့ဘက်ကလည်း၊ အလှူရှင်တွေဆက်သွယ်ပါတယ်။ လာလှူဖို့ကြသူတို့ဘက်က အခက်အခဲဖြစ်နေတာ ဖြစ် လောက်မယ်။ တစ်ချို့ကြ ပိုက်ဆံအလှူငွေထည့်တယ်။ အလှူငွေဆိုတော့လည်း ဘဏ် account တွေကပြန်ထုတ်ဖို့ မ လွယ်ပြန်ဘူး။ မြို့ထဲမှာရှိတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေကတော့၊ အခြားရေဘေးသင့်နေရာတွေနဲ့မျှတပြီး၊ လာရောက် လှူဒါန်းတာတွေရှိပေမဲ့၊ လူဦးရေအရမ်းများတော့ မလောက်ငှဘူးဖြစ်နေတာ” ဟု စစ်ဘေးရှောင်စခန်း တစ်ခုတွင် ကူညီ ပေးနေသော အဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။
ထို့ပြင် ကရင်နီပြည်နယ်အတွင်း ဆည်ရေများလျှံခြင်းကြောင့် ၂ ပတ်ခန့်ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ကြောင်း၊ လွိုင်ကော်မြို့ရှိ အချို့နေရာများ၌ ရေပြန်ကျသွားသော်လည်း၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းတွင် ရေကြီးရေလျှံမှုဖြစ် ပေါ်နေသေးသည်ဟု မိုးဗြဲမြို့မှ စစ်ရှောင်လာသည့် ပြည်သူတစ်ဦးက ပြောသည်။
“ လွိုင်ကော်၊ မိုးဗြဲ၊ ဒီးမော့ဆိုမှာ ၂ပတ်လောက်ရေကြီးခဲ့တာ၊ အခုထိ လွိုင်ကော်အရှေ့ဘက်ခြမ်းမှာ ရေမကျသေးဘူး။ ပိုဆိုးတာက အရင်ကအဲ့ဒီနေရာမှာက စစ်ရှောင်တွေပါရှိတာ၊ အခုစစ်ရှောင်တွေကော၊ ရွာသူရွာသားတွေကော၊ ရေ ဘေးသင့်ပြီး၊ ဒုက္ခရောက်တာပါ၊ အဲ့ဒါကြောင့် တတ်နိုင်သလောက် ကူညီပေးစေချင်ပါတယ်” ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ ရေကြီးရေလျှံမှုကြောင့် လွိုင်ကော်၊ မိုးဗြဲနှင့် ဒီးမော့ဆို မြို့နယ်များရှိ စစ်ဘေးရှောင်များ အခက်အခဲဖြစ်ပွား နေသည့်အပြင်၊ ပြောင်း၊ စပါးစသည် စိုက်ခင်းများလည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယခုကဲ့သို့ အခက်အခဲများ ဖြေရှင်းနိုင်ရန်အတွက် ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်အရေးကူညီပေးသူများမှ ရေဘေးကယ်ဆယ်ရေးအဖွဲ့များထံ အကူအညီများတောင်းခံထားသော်လည်း လက်ရှိအချိန်ထိ၊ လုံလောက်သည့် အကူအညီများ ရရှိမှုမရှိသေးကြောင်းသိရသည်။


