စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ပုလဲမြို့နယ် အစပ်ရှိ ဒေသခံ တစ်သောင်းခွဲခန့်မှာ စစ်ကြောင်းရှောင် ထွက်ပြေးနေရကြောင်း သိရသည်။
ယင်းမာပင်မြို့နယ် ရွာ၉ရွာနှင့် ပုလဲမြို့နယ်အတွင်းရှိ ရွာ၄ရွာမှ ဒေသခံများမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် ယနေ့(အောက်တိုဘာ၂၃ရက်)အချိန်ထိ အရေးပေါ် စစ်ရှောင်ပြေးနေရခြင်း ဖြစ်ကြောင်း စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်၏ ယင်းမာပင်ကိုယ်စားလှယ် ကိုသက် က ပြောသည်။
” ရာသီတုပ်ကွေးဖြစ်နေကြတယ်။မျက်စိတွေနာနေကြတယ်။အောက်တိုဘာလ ၁၅ ရက်နေ့ကနေ အခုအချိန်ထိတိမ်းရှောင်နေရတာပဲ ။အစားအသောက်က မပြည့်စုံဘူး” ဟု ၎င်းကပြောသည်။
ယင်းစစ်ကြောင်းမှာ ကျားဘီလူးစစ်ကြောင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းအထိ ပုလဲမြို့နယ်၊ပုထိုးသာရွာနှင့် ယင်းမာ ပင်မြို့နယ်၊ရင်ပေါင်တိုင်ရွာ၌ ရှိနေကြောင်း သိရသည်။
” ပြည်သူကို ဒုက္ခပေးနေတာ နှစ်ရွာခွဲတော့ နှစ်ကြောင်းပြောလည်းရတယ်။တစ်ကြောင်း တည်း နှစ်ရွာခွဲတယ် ပြောလည်းရတယ်။ တစ်ခါတစ်ရံ လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေနဲ့ ပစ်ဖောက်သေးတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် ဆောင်းရာသီသို့ ဝင်ရောက်တော့မည်ဖြစ်၍ စစ်ရှောင်များအတွက် အနွေးထည်နှင့်စောင် လိုအပ်နေကြောင်း ရင်ပေါင်တိုင်ရွာသား စစ်ရှောင်တစ်ဦးကပြောသည်။
” တချို့ နွားလှည်းတွေပေါ် အိပ်ရတာ နှင်းတွေက ကျပြီး ကျန်းမာရေးတွေ ဖောက်ကုန်ကြတာတွေရှိတယ်။ စစ်မရှောင်ချင်တော့ဘူး။ အိပ်ရေးဝဝလင်လင်နဲ့ ကိုယ့်အိမ်ကိုယ့်ယာနဲ့ နေချင်လှပါပြီ” ဟု ၎င်းကပြောသည်။
ကျားဘီးလူးစစ်ကြောင်းသည် အောက်တိုဘာ ၁၆ ရက်နေ့တွင် ယင်းမာပင်မြို့နယ်၊သဲကုန်းရွာနေ အသက် ၁၇ နှစ်အရွယ်ရှိ ကျောင်းသားတစ်ဦးအပါအဝင် အမျိုးသား ၆ ဦးကို သတ်ဖြတ်ခဲ့သည်။