ဆောင်းဝင်စပြုလာပြီဖြစ်သည့်အတွက် မကွေးတိုင်း၊ ယောဒေသအတွင်းရှိ အမြဲတမ်းစစ်ဘေးရှောင်စခန်းများတွင် စောင်နှင့် အနွေးထည်များ လိုအပ်လျက်ရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
ဆောမြို့နယ်နှင့် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ အမြဲတမ်း စစ်ရှောင်စခန်း ၂ ခုတို့တွင် စောင်နှင့် အနွေးထည်များ လိုအပ်နေခြင်းဖြစ်သည်။
“ရွာလုံးကျွတ် (စကစရဲ့ ) မီးရှို့ခံခဲ့ရတဲ့ အတွက်ကြောင့် အကုန်လုံးက အဝတ်တစ်ထည်ကို ယ်တစ်ခုနဲ့ပဲ ပြေးလာကြရတဲ့ အနေအထားလေ။ အခုလည်း ဆောင်းက ဝင်လာပြီဆိုတော့ စောင်နဲ့ အနွေးထည်လိုအပ်မှုကတော့ အများကြီး ရှိနေတယ်ဗျ”ဟု ဆောမြို့နယ်အတွင်းရှိ ကင်ပွန်းခြုံ စစ်ဘေးရှောင်စခန်း၏ တာဝန်ခံဦးအောင်ဝင်းက MPA သို့ ပြောသည်။
ဆောမြို့နယ်စစ်ဘေးရှောင်စခန်းတွင် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် မသန်စွမ်းသူများ အများဆုံးရှိပြီး စစ်ဘေးရှောင်ဦးရေ ၄၁၀ ရှိသည်ဟု သိရသည်။
ယခုရက်ပိုင်းအတွင်း အအေးဓာတ် ပိုလာသည်နှင့်အမျှ စောင်နှင့်အနွေးထည် မလုံလောက်မှုကြောင့် ဖျားနာသူဦးရေလည်း ပိုမိုများပြားလာသည်ဟု ဆိုသည်။
ယင်းအပြင် ဂန့်ဂေါမြို့ ခလရ ၅၀ တပ်က မြောက်ပိုင်းသို့ စက်တင်ဘာ ၁၁ ရက်နေ့တွင် စစ်ကြောင်းထိုးခဲ့ပြီး ယင်းဖြစ်စဥ်အတွင်း အမြဲတမ်းစစ်ဘေးရှောင်စခန်းတစ်ခုမှ စောင်နှင့် အဝတ်အစားများဆုံးရှုံးမှုရှိခဲ့ရာ ယခုဆောင်းဝင်လာသည့်အချိန်တွင် စောင်နှင့်အနွေးထည်များ လိုအပ်လာခြင်းဖြစ်သည်။
“ဒီဘက် စစ်ကြောင်းထိုးတုန်းက ချောင်းကမ်းပါး၊ လျှိုထဲမှာ စောင်နဲ့ အဝတ်အစားတွေ ဖွက်ထားခဲ့ကြတာလေ။ အဲ့ဒီမှာ ရေကြီးတော့ မျောသွားတာ။ ၁၆ ရက်လောက် ရှောင်လိုက်ရတာကိုး”ဟု ဂန့်ဂေါမြောက်ပိုင်းရှိ စစ်ရှောင်စခန်းတစ်ခုမှ တာဝန်ခံကိုမောင်ညိုက MPA သို့ ပြောသည်။
အဆိုပါ စစ်ဘေးရှောင်စခန်းတွင် ယခင်က စစ်ရှောင်ဦးရေ ၁၀၀ ကျော် ရှိခဲ့သော်လည်း ယခုနှစ်ပိုင်းတွင် ၃၃ ဦးသာ အမြဲတမ်းစစ်ရှောင်များအဖြစ် ကျန်ရှိတော့သည်ဟု ဆိုသည်။
“တစ်ပတ်လောက်ကတည်းက မိုးပြတ်ပြီးတော့ မှိုင်းတွေ တိုက်လာတာ။ ညပိုင်းနဲ့ မနက်ဆိုလည်း အေးလာပြီ။ စစ်ရှောင်စခန်းတွေဆို ပိုအေးမှာ။ သူတို့က တောကြားထဲမှာ နေကြရတာကိုး”ဟု ဂန့်ဂေါမြို့နယ်အတွင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူတစ်ဦးက ပြောသည်။
စစ်ဘေးရှောင်များအတွက် အနွေးထည်နှင့် စောင်များအပြင် စားနပ်ရိက္ခာနှင့် ဆေးဝါးများလည်း လိုအပ်သည်ဟု ၎င်းက ဆိုသည်။
အနောက်ဘက် ချင်းတောင်တန်းနှင့် အရှေ့ဘက်ပုံညာတောင်တန်းကြီး၏ ကြားတွင်တည်ရှိသည့် ယောဒေသသည် နှစ်စဥ် အအေးဓာတ်ပိုသည့် ဒေသများဖြစ်ပြီး ယခုအောက်တိုဘာ လလယ်ပိုင်းမှစ၍ သိသိသာသာ အေးလာသည်ဟု စုံစမ်းသိရှိရသည်။

