မကွေးတိုင်း၊ ပခုက္ကူမြို့မှ ပေါက်မြို့နယ်သို့ ရိက္ခာလာပို့သည့် စစ်ကောင်စီ စစ်ကြောင်းသည် ဒေသခံနှစ်ဦးကို သတ်ခဲ့ပြီး၊ ဒေသခံပြည်သူ ၆၀၀၀ ခန့် စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။
ရိက္ခာလာပို့သည့် စစ်ကောင်စီ စစ်ကြောင်းသည် အင်အား ၂၀၀ ကျော်ခန့်ရှိပြီး၊ အောက်တိုဘာ ၁၆ ရက်မှ ၁၈ ရက်အထိ နယ်မြေခံ PDF ပူးပေါင်းတပ်ဖွဲ့များက အီနာဂါ၊ လက်နက်ငယ်များနှင့် မိုင်းများဖြင့် ပြောက်ကျားတိုက်ခိုက်မှုများလုပ် ဆောင်ခဲ့ကြောင်း၊ ပေါက်မြို့နယ် ပ.က.ဖ ထံမှသိရသည်။
“ စစ်ကြောင်းက ပေါက်ကိုရောက်တာ ခြောက်ရက်လောက်ပဲရှိသေးတယ်။ ကပစ ၂၄ ကနေ ရွှေဘုံသာပျူရွာက ပျူတွေ ရယ်၊ ပြီးတော့ သူတို့ စစ်ကြောင်းတစ်လျှောက်က ဒေသခံပျူတွေကို လမ်းပြအဖြစ်ခေါ်လာတာ၊ ကျတော်တို့ မိုင်းတွေ တော်တော်ဖြန့်ထောင်ထားတာတောင် လေး၊ ငါး ဆယ်တောင်အကွာကနေ ရှောင်သွားနိုင်တယ်၊နယ်မြေကျွမ်းကြ တယ်” ဟု ပေါက် ပ.က.ဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါစစ်ကြောင်းသည် အောက်တိုဘာ ၁၆ရက်၊ ညနေ ၃နာရီခန့်၌ ဝက်ပုတ်ရွာသို့ ဝင်ရောက်ခဲ့ပြီး၊ ဒေသခံ တစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ ညနေ ၄နာရီ၊ ၁၅မိနစ်တွင် PDF ပူးပေါင်းတပ်ဖွဲ့မှ စစ်ကောင်စီတပ်အား လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ရာ စစ်သားတစ်ဦး သေဆုံးခဲ့သည်ဟု ၎င်းက ဆိုသည်။
“ သေသွားတဲ့လူက ဦးစံလင်းလို့ခေါ်တယ်။ အသက် ၆၀ ကျော်ပြီ၊ CDM လုပ်ထားတဲ့ ကျောင်းလုပ်သားဗျ၊ ရွှေဘုံသာ ဘက်က ပျူတွေမှာ မိန်းကလေးတွေလည်းပါတယ်။ သူ(ဦးစံလင်း)နဲ့က ရင်းနှီးတော့ သူတို့(ပျူ)တွေကို သိမှာစိုးလို့ နှုတ်ပိတ်သွားတာ၊ကတ်ကြေးနဲ့ ထိုးသတ်သွားတာ” ဟု ဝက်ပုတ်ရွာ ဒေသခံတစ်ဦးကပြောသည်။
ထို့ပြင် အောက်တိုဘာ ၁၈ ရက်၌ စစ်သား၊ ရဲ နှင့် ပျူစောထီး အင်အား ၁၀၀ ခန့်သည် ညောင်ရင်းရွာရှိ ၎င်းတို့တပ်အား လာရောက်ခေါ်ဆောင်ခဲ့ပြီး၊ ရွာမှ ပြန်အထွက်၌ ဒေသခံ ရွာသားတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်းလည်း သိရသည်။
“ အသတ်ခံရတဲ့သူက လှဝင်းအောင်၊ သူကစိတ်မနှံဘူး၊ အရင်စစ်ကြောင်းတုန်းကတော့ အရိုက်ခံရတယ်။ အခုကတော့ မောင်းပြန်နဲ့ပစ်သတ်သွားတာ၊ အလောင်းပြန်ရတယ်” ဟု ၎င်းကပြောသည်။
သုံးရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လေးဦးထက်မနည်းသေဆုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိ သူများပြား ခဲ့ကြောင်း၊ ယင်းစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များက အီနာဂါ၊ လက်နက်ငယ် နှင့် မိုင်းများဖြင့် တိုက်ခိုက်ခဲ့သည်ဟု မြိုင် ပ.က.ဖ တာဝန်ခံကဆိုသည်။
“ သုံးရက်တာ တိုက်ပွဲမှာ စစ်တပ်ဘက်က လေးယောက်ထက်မနည်းသေတယ်။ ကျွန်တော်တို့ဘက်က အီနာဂါ၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်။ စစ်တပ်ဘက်က ဒဏ်ရာရတဲ့သူတွေကိုလည်း ထမ်းစင်တွေနဲ့ ခေါ်သွားတယ်။ အောက်တိုဘာ ၁၈ ရက်ကဆို ခဲပင်အင်းရွာမှာ ထမင်းစားနေတဲ့ စစ်တပ်ကို အနီးကပ်ပစ်ခတ်ခဲ့တယ်။ ထမင်းတောင် ဆက်မစားနိုင်ဘဲ ထွက်ပြေးသွားတာ၊ ပြီးတော့ ညောင်ရင်းရွာကို စစ်တပ်တွေဝင်လာတုန်းကလည်း မိုင်းဆွဲတိုက်ခိုက်တာ သူတို့ ငါးယောက်လောက် ထိခိုက်ဒဏ်ရာရသွားတယ် “ ဟု ၎င်းကပြောသည်။
ပေါက်မြို့နယ်သို့ စစ်ကြောင်းထိုးမှုများပြုလုပ်ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် အောက်တိုဘာ ၁၈ ရက်၊ ညနေ ၆ နာရီခန့်တွင် ဇီးပြားပျူရွာ၌ တပ်စွဲခဲ့ပြီး၊ အသံချဲ့စက်များဖြင့် အော်ဟစ်ဆဲဆိုမှုများပြုလုပ်ခဲ့ကြောင်းလည်း မြိုင် ပ.က.ဖ တာဝန်ခံက ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီမှ ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးမှုများ ပြုလုပ်ခဲ့သည့်အတွက် ဝက်ပုတ်၊ ချောင်းခွ၊ သန်းတောအိုင့်၊ ကျွင်းသိုင်း၊ ဂွေးပုံ၊ စသိမ်း၊ ခဲပင်အင်း၊ ညောင်ရင်းကျေးရွာများမှ ပြည်သူ ၆၀၀၀ ခန့် စစ်ဘေးရှောင်နေရကြောင်း သိရသည်။