ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ စစ်ကောင်စီတပ်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းကို ထိုးစစ်ဆင်ဖို့ အင်အားဖြည့်တင်းနေတာကြောင့် ဒေသခံ ထောင်နဲ့ချီဟာ နေရပ်ရွာတွေကို မပြန်နိုင်ကြသေးပါဘူး။
မူဆယ်-နမ့်ခမ်းလမ်းမကြီးဘေး နမ့်ကတ်ကျေးရွာအုပ်စုအနီးက TNLA တပ်စခန်းရှိရာ လွယ်တေမှိုင်းတောင်ကို စစ်ကောင်စီတပ်နဲ့ ၎င်း ဩဇာခံ နမ့်ခမ်းမြို့မ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက် ညနေပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲအနီးက နမ့်ကတ်၊ မန်ကန်၊ မိုင်းဆတ် ၊ စယ်လန့်ကျေးရွာတို့က ဒေသခံ ထောင်နဲ့ချီဟာ နီးစပ်ရာတွေမှာ တိမ်းရှောင်ခဲ့ကြရပါတယ်။
စက်တင်ဘာလ ၁၈ ရက်နေ့ကနေ ဒီကနေ့ထိ ထိုးဆင်စစ်မှုတွေကြောင့် ၂ ဘက်ထိတွေ့တိုက်ပွဲ နေစဉ်ရက်ဆက်ကို ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က မနေ့ မနက် ၁၀ နာရီခွဲကနေ့ ဒီကနေ့ထိ လူ အင်အား ၃၀၀ ခန့် အင်းအားဖြည့်တင်းလာနေလို့ ၂ ဘက်တပ်ဖွဲ့တွေအကြား စစ်ရေးအရှိန်တင်းမာနေပါတယ်။
တိုက်ပွဲကြောင့် နမ့်ကတ်၊ မန်ကန်၊ မိုင်းဆတ်ကျေးရွာတို့က ဒေသခံတွေဟာ မူဆယ်-နမ့်ခမ်းလမ်း တုန်ခွမ်ကျေးရွာမှာ စစ်ရှောင် (၃၀၆) ဦး၊ နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်မှာ (၁၁၆) ဦးနဲ့ ကောင်းတပ်ကျေးရွာမှာ (၁၀၀) ဦး တိမ်းရှောင်နေကြရသလို စယ်လန့်ကျေးရွာအုပ်စုက ဒေသခံ (၅၀၀) ဦးကျော်ဟာ နီးစပ်ရာ မူဆယ်မြို့ပေါ်နဲ့ တရုတ်ပြည်ထဲက ဆွေမျိုးတွေထံ တိမ်းရှောင်နေရသူတွေလည်း ရှိနေပါတယ်။
“ကျမက ကိုယ်ဝန်သည်နဲ့ ဆိုတော့ တိုက်ပွဲဖြစ်လို့ ပြေးရတဲ့ အချိန်က အရမ်းကြောက်ဖို့ကောင်းတယ်။ ကိုယ်ဝန် ၈ လ လွယ်ပြီး ဆိုင်ကယ်နဲ့ ဒီဘက်ပြေးလာတော့ ရောက်ရောက်ခြင်း ဗိုက်တအားနာတော့ ဆေးခန်းပြရတယ်။ ဆရာမလည်း မေးတော့ ကျွန်မလည်း မတတ်နိုင်လို့ ပြေးလာရတယ်လို့ ပြောလိုက်တယ်။ “လို့ တုန်ခွမ်ကျေးရွာမှာ သိမ်းရှောင်နေရတဲ့ ကိုယ်ဝန်သည် စစ်ရှောင်တစ်ဦးက ပြောပါတယ်။
လက်ရှိ စစ်ရှောင်စခန်း ၃ ခုမှာ ကိုယ်ဝန်သည်နဲ့ မွေးကင်းစ မိခင် ၁၀ ဦးခန့် ရှိနေပေမယ့် အထောက်ကူပြုအဟာရမှုန့်တွေ လာရောက်ထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းမရှိသေးသလို ဖျားနာမူတွေရှိလာရင်လည်း ဆေးပန်းခန်းတွေ မရှိသေးတာကြောင့် ဆေးဝါးတွေ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံတွေက ပြောပါတယ်။
“မနေ့ကလည်း ရွာအနီးမှာ လေယာဉ် လာဝဲတယ်လေ။ ဘယ်လိုလို့ နေရပ်ပြန်ရဲ ကြမှာတုန်း။ ဒီစခန်းမှာတော့ စစ်ရှောင်တွေ အချိန်ကြာကြာ ရှောင်နေရရင်တော့ ဆန်တွေ မလုံလောက်တော့ဘူး။ အခုတောင် ချွေသာ စားနေရတာ“လို့ နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက် စစ်ရှောင်စခန်း တာဝန်ခံ တစ်ဦးက ပြောပါတယ်။
ဒီစစ်ရှောင်တွေဟာ စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် ဩဂုတ်လဆန်းပိုင်းကနေစပြီး ၃ ကြိမ်မြောက် တိမ်းရှောင်ရတာ ဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် စစ်ရှောင်တစ်ဦး သေနတ်ထိမှန် ဒဏ်ရာ ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့ ညနေ ၁၀ နာရီခွဲဝန်းကျင်မှာလည်း နမ့်ကတ်ကျေးရွာနဲ့ မိုင် ၂၀ အကွာက TNLA တပ်မဟာ ၁ ဌာနချူပ်ရဲ့ အဝေးကင်း လွယ်မောက်တောင် တပ်စခန်းကို စစ်ကောစီတပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ပေါင်(၅၀၀)ဗုံး ၂လုံး ဗုံးကြဲချခဲ့တယ်လို့ TNLA ဘက်က ထုတ်ပြန်ထားပါတယ်။