တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင် ၄၀,၀၀၀ ခန့်ရှိပြီး ပုလောမြို့နယ်တွင် အများဆုံးဖြစ်ကြောင်း သိရသည်။
ယင်းစာရင်းမှာ မတ်လ ၁ရက်နေ့မှ ယနေ့အထိစုစည်းထားသည့် စာရင်းဖြစ်ပြီး စစ်ရှောင်ပြည်သူအရေအတွက်မှာ ကိန်းသေမရှိကြောင်း ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
“စစ်ကြောင်းထိုးဝင်ရောက်မှု၊ တိုက်ပွဲဖြစ်ပွားမှု အခြေအနေပေါ်မူတည်ပြီး အရေအတွက် အပြောင်းအလဲရှိနိုင်ပါတယ်” ဟု ၎င်းကပြောသည်။
ယခုလအတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးအင်အားစုများ၏ ထိတွေ့တိုက်ပွဲများကြောင့် ထားဝယ်မြို့နယ်မှ ပြည်သူ ၃၅၈ ဦး၊ လောင်းလုံးမြို့နယ်မှ ပြည်သူ ၁၀၀၀၀ဝန်းကျင်၊ ပုလောမြို့နယ်တွင်း အမြဲတမ်းစစ်ရှောင်ပြည်သူ ၂၆၀၀ဦး၊ ယာယီစစ်ရှောင် ၂၅၀၀၀ဦးနှင့် တနင်္သာရီမြို့နယ်မှ ပြည်သူ ၈၀၀တို့ အိုးအိမ်စွန့်ခွာကာ စစ်ဘေးရှောင်ထွက်ပြေးနေရကြောင်းသိရသည်။
“ မြေပြင်အခြေအနေတွေ သတင်းဌာနတွေရဲ့ အချက်အလက်တွေကို ကိုးကားအခြေခံပြီး စုစည်းထားတာပါ။တနင်္သာရီဒေသထဲက ရေဖြူနဲ့သရက်ချောင်းမှာတော့ စစ်ရေးငြိမ်နေလို့ စစ်ဘေးရှောင်မရှိသေးပါဘူး။လောင်းလုံးထဲက အောက်ကျောက်ဝပ်၊ သဘော့ဆိပ်၊ ကရင်ကြီး၊ ပညစ်၊ ညောင်ပြင်၊ ကျောက်ဆင် စတဲ့ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်နေတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေလို့ စစ်ဘေးရှောင်ပြည်သူဦးရေ ဒုတိယအများဆုံးဖြစ်နေတယ်။ ပုလောကတော့ အများဆုံးပေါ့” ဟု ၎င်းကဆိုသည်။
တနင်္သာရီတိုင်း ပုလောမြို့နယ်ရှိ ပဝတ်ကုန်း၊ မင်းထိန်၊ မင်းဝင်းနှင့်ပုလောကုန်းရွာများသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်လျက်ရှိနေဆဲဖြစ်သောကြောင့် ဒေသခံအများစုမှာ နေရပ်ပြန်နိုင်ခြင်းမရှိသေးကြောင်း ပုလောအခြေစိုက် ပူရိယက္ခညီနောင်စစ်ကြောင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ ကျွန်တော်တို့ဆီကဘာလို့များသလဲလို့ ပြောရလို့ရှိရင် အရင်ဖေဖော်ဝါရီလတိုက်ပွဲတွေတုန်းကလည်း ကဒဲ၊ ပဝပ်ကုန်း၊ လက္ကူး၊ တို၊ တကူ၊ ပိဒက်၊ ရှပ်ပုံ စတဲ့ရွာတွေဘက်ကနေ ဘေးလွတ်ရာပြေးနေရတဲ့သူတွေရှိတယ်။အခုလလည်း ထပ်ရှိတယ်ပေါ့။တချို့ကတော့ ပြန်လာနေပေမယ့် တချို့က အခုထိပြန်မလာရဲကြသေးဘူး” ဟု ၎င်းကပြောသည်။
တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင်အရေအတွက်သည် တစ်လထက်တစ်လပိုမိုများပြားလာပြီး စစ်ကောင်စီတပ်က အညာဒေသတွင် ကျူးလွန်နေသော မြေလှန်မီးရှို့ အကြမ်းဖက် သတ်ဖြတ်မှုများကို တနင်္သာရီတိုင်းအတွင်း ထပ်တူပြုလုပ်နေကြောင်း ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။












