စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄၀၀၀ ကျော် ပြာကျခဲ့ပြီးပြည်သူ တစ်သောင်းခွဲကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း သိရသည်။
အာဏာသိမ်းပြီးချိန်မှစ၍ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့အထိ ကျေးရွာပေါင်း ၆၆ ရွာက နေအိမ် ၄၀၀၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။
“ကျွန်တော်တို့ စစ်ကိုင်းတိုင်းထဲက မီးရှို့ခံရတဲ့ ပြည်သူအများစုက ကိုယ့်အသက်မသေရင်ပြီးရော ကိုယ့်ပစ္စည်းတွေဖြစ်ချင်ရာဖြစ်ဆိုပြီး ပြေးကြရတာဆိုတော့ တစ်သက်လုံး ရှာဖွေစုဆောင်းထားသမျှ အကုန်ကုန်တာပဲ။ ဒါကြောင့်အကူအညီတွေ အရမ်းလိုနေတာအမှန်ပဲ”လို့ ခင်ဦးမြို့နယ်အတွင်း စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောသည်။
အင်အား ၁၀၀ ခန့် ရှိသော စစ်ကောင်စီတပ်သည် ယခုတစ်ပတ်တာအတွင်းမှာလည်း ဖေဖေါ်ဝါရီ ၁၁ ရက်နေ့မှ စတင်ကာ ကျေးရွာ ၁၀ ရွာထက်မနည်းကို စစ်ကြောင်းထိုးခဲ့ကာ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့အထိ ကျေးရွာ ၇ ရွာကို မီးရှို့ခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။
ဖေဖေါ်ဝါရီ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ ချောင်းဆုံကျေးရွာသို့ ရောက်ရှိပြီး နေအိမ်များကို မီးတင်ရှို့၍ ပြည်သူပိုင်ပစ္စည်းများအား မကျီးတုံပျူစောထီးရွာသို့ သယ်ယူသွားကြကြောင်း သိရသည်။
“ချောင်းဆုံ မီးလောင်သွားတဲ့ အိမ်အရေအတွက်ကိုတော့ မသိသေးဘူး။ ဒီနေ့မနက်အထိကို မသိသေးတာ”ဟုစစ်ရှောင်ကူညီနေသူက ပြောသည်။
စစ်ကောင်စီတပ်သည် ဖေဖေါ်ဝါရီ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် လောင်းရှည်ကျေးရွာက နေအိမ် ၂၀၀ကျော်၊ စပါးတင်းရေထောင်ချီနှင့် ဆန်စက်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဖေဖေါ်ဝါရီ ၁၃ ရက်နေ့တွင် လက်ပံလှကျေးရွာက နေအိမ် ၂၀၀ ကျော်နှင့် စပါးတင်းရေ ထောင်ချီ၊ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် မင်းကံကြီးကျေးရွာက နေအိမ် ၃၃ လုံးနှင့် ကွမ်းတိုင်းကျေးရွာက နေအိမ် ၁ လုံး၊ ဖေဖေါ်ဝါရီ ၁၁ ရက်နေ့တွင် သနပ်စိန်ကျေးရွာက မီးဘေးသင့်ပြည်သူများ၏ ယာယီတဲ ၂ လုံးနှင့် စောကြီးကျေးရွာက မီးဘေးသင့်ပြည်သူများ၏ ယာယီတဲများအပါအဝင် နေအိမ် ၁၁ လုံး တို့ကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။







ပုံစာ-လောင်းရှည်ကျေးရွာနှင့် လက်ပံလှ ကျေးရွာ မြင်ကွင်းများ