ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ တောင်ပျောက်တိုက်နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့က စတင်ကာ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည့် စစ်ဘေးရှောင် ပြည်သူ ဦးရေမှာ ၇,၀၀၀ ကျော် အထိ ရှိလာနေပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း တောင်ပျောက် တိုက်နယ် စစ်ဘေးရှောင် ကူညီရေး အဖွဲ့ဝင်များထံမှ သိရှိရသည်။
အဆိုပါ ဒေသကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က စတင် စစ်ကြောင်းထိုးချိန် ဇူလိုင်လ ၃ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ဒေါင်းမင်း စစ်ဆင်ရေး (TYC P.D.F) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ဒေါင်းမင်းစစ်ဆင်ရေး (TYC P.D.F) အဖွဲ့မှ တာဝန်ရှိသူက “ အခုရက်ပိုင်းမှာတော့ တိုက်ပွဲက ထပ်မဖြစ်သေးဘူး၊ စစ်တပ်ကတော့ ရွာထဲမှာ တပ်စွဲထားတာမျိုးတော့ ရှိနေတယ် ” ဟု ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့က အင်အား ၂၀၀ နီးပါးဖြင့် တောင်ပျောက်တိုက်နယ်အတွင်း ရွာအချို့တွင် ကင်းပုန်းဝပ် တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။
“စစ်ရှောင်တွေကတော့ ဇူလိုင်လ ၃ ရက်နေ့က ၅,၀၀၀ နီးပါး ထွက်ပြေးလာရတယ်။ အခု ၅ ရက်နဲ့ ၆ ရက်နေ့တို့ မှာ ၂,၀၀၀ ထပ်တိုးလာတယ်။ လက်ရှိ ၇,၀၀၀ ကျော်လောက် ရှိနေတယ် ” ဟု ဒေါင်းမင်း စစ်ဆင်ရေး (TYC P.D.F) အဖွဲ့ထံမှ သိရသည်။
ထိုကြောင့် ယခုလို စစ်ရှောင်ဦးရေ ၇,၀၀၀ ကျော် အထိ တိုးလာခြင်းကြောင့် ယခင် ပြင်ဆင်ထားသည့် စစ်ရှောင်များအတွက် စားနပ်ရိက္ခာများသည် တစ်ပတ်စာခန့်သာ လုံလောက်မှုရှိတော့သဖြင့် ထပ်မံ၍ ဆန် နှင့် စားနပ်ရိက္ခာများအပြင် နှင့် မိုးရာသီ ရောက်ရှိနေချိန်လည်း ဖြစ်၍ မိုးကာ၊ ပါဝါဘန့်၊ ဘက်ထရီ အားသွင်းရန် ဆိုလာ/ဘက်ထရီ အိုးများလည်း အရေးပေါ် လိုအပ်လျက် ရှိနေကြောင်း သိရသည်။
လက်ရှိ တောင်ပျောက်တိုက်နယ်တွင် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေပြိး တောင်ပျောက်နယ်အတွင်းရှိ ရေဗျတ်၊ မယ်ကဲ ၊ ကျောက်အိုင်၊ ဝင်းကဖော်၊ ကျွဲခြံ ၊ လယ်စု၊ ရေပူ၊ ဗျတ်ဝိသား၊ တောင်ပျောက် စသည့် ရွာ (၉) ရွာရှိ ပြည်သူ (၇,၀၀၀) နီးပါးခန့်သည် စစ်ဘေးရှောင်နေရလျက် ရှိနေကာ အကြမ်းဖက်စစ်ကောင်စီသည် သရက်ချောင်းနယ်ကို ဖြတ်လေးဖြတ်ဖြင့် ရိက္ခာများ ဖြတ်တောက်ထားကြောင်း ဒေသခံများထံမှ သိရသည်။
တနင်္သာရီတိုင်းအတွင်း တိုက်ပွဲများ ဖြစ်ပွားနေသည့် ဒေသများမှ မေလအတွင်း တိုက်ပွဲကြောင့် စစ်ဘေးရှောင်စခန်းများသို့ ရောက်ရှိနေသည့် စစ်ရှောင် ဦးရေမှာ ၂၅,၀၀၀ နီးပါး ရှိနေကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသည့် အဖွဲ့စည်းများထံမှ သိရသည်။