အထက်မြင့် အဆောက်အအုံများစွာရှိသည့် ရန်ကုန်တိုင်း၊ ရန်ကုန်မြို့တွင် ငလျင်လှုပ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီး မြို့ခံများ စိုးရိမ်ထိတ်လန့်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ယနေ့(မေ ခြောက်ရက်)၊ ည ၁၀နာရီ ၅၅ မိနစ်အချိန်တွင် ရန်ကုန်မြို့၌ ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်လှုပ်ခတ်မှုကို လှိုင်၊ အင်းစိန်၊ သာကေတ၊ ဒေါပုံ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ အစရှိသည့် မြို့များတွင် သိသိသာသာ ခံစားခဲ့ရကြောင်း သိရသည်။
“ ငလျင်က နှစ်ကြိမ်လှုပ်သွားတာ၊ ပထမတစ်ကြိမ်လှုပ်ပြီး စက္ကန့်ပိုင်းမကြာဘူး နောက်တစ်ကြိမ်ထပ်လှုပ်တယ်။ အခုတော့ အထုပ်တွေပြင်ပြီး တိုက်အောက်ဆင်းနေနေရတယ်။ မတ်လက လှုပ်ခဲ့တဲ့ငလျင်တုန်းကလိုပဲ ရမ်းခါသွားတာ” ဟု လှိုင်မြို့နယ်တွင် နေထိုင်သည့် အသက် ၃၅နှစ် အမျိုးသမီးတစ်ဦးကပြောသည်။
ယခုကဲ့သို့ ငလျင်လှုပ်ခတ်မှုကြောင့် အထပ်မြင့်တိုက်များတွင် နေထိုင်သည့် ပြည်သူများသည် တိုက်အောက်သို့ ဆင်းပြေးပြီး တိုက်ခန်းအတွင်း ပြန်လည်နေထိုင်ရန် စိုးရိမ်နေကြောင်းလည်းသိရသည်။
“ ကိုယ်က အထပ်မြင့်တိုက်မှာနေတော့လန့်နေတာ၊ သူများတွေကတော့ နှစ်ခါလှုပ်တယ်ပြောကြတယ်။ ကိုယ်ကတော့ ငလျင်လှုပ်တာနဲ့ တိုက်အောက်ကိုဆင်းပြေးတော့တာပဲ၊ ခေါင်းတော့ မူးသွားတယ်” ဟု သာကေတမြို့နယ်တွင်နေထိုင်သည် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးကပြောသည်။
လက်ရှိ ငလျင်လှုပ်ခတ်မှုနှင့် အင်အားရစ်ချ်တာစကေး ကို မသိရှိရသေးဘဲ ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း သတင်းထုတ်ပြန်မှုမရှိသေးပေ။
My Earthguake Alerts Pro တွင်မူ ရန်ကုန်မြို့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်သည် အင်အားရစ်ချ်တာစကေး ၃ဒဿမ၇ အဆင့်ရှိကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် မတ် ၂၈ရက်က မြန်မာနိုင်ငံ အလယ်ပိုင်းဒေသကို ဗဟိုပြုပြီး အင်အားပြင်းငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် လူပေါင်း လေးထောင်ခန့်သေဆုံးခဲ့သည့်အပြင် ဘာသာရေးအဆောက်အအုံ၊ လူနေအိမ်၊ ဆေးရုံ၊ ကျောင်း များစွာလည်း ပျက်စီးခဲ့ရသည်။
Photo-ပေးပို့