By Mg Dagon / MPA
နအဖစစ်အစိုးရတည်ခဲ့သော နေပြည်တော်အပါအဝင် ငလျင်ဒဏ်သင့်ဒေသ ခြောက်ခုရှိ အစိုးရရုံးအဆောက်အအုံများကို မူလတည်ဆောက်ပေးခဲ့သည့် ကုမ္ပဏီများက ပြန်လည်ပြုပြင်တည်ဆောက်ပေးရမည်ဖြစ်ကြောင်း စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောသည်။
ယမန်နေ့ ဧပြီ ၂၉ ရက်က နေပြည်တော်တွင် စစ်ကောင်စီက အသစ်ဖွဲ့စည်းထားသော အဆောက်အဦများ ပြန်လည်ပြုပြင် အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ၏ ပထမဆုံးအကြိမ်အစည်းအဝေးအတွင်း ယင်းကော်မတီဥက္ကဋ္ဌ တာဝန်ရထားသူ ၎င်းက အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မတ်လ ၂၈ ရက်အင်အားပြင်းငလျင်ဘေးဒဏ်ခံခဲ့ရသည့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့ကအဆောက်အအုံများ ပြန်လည်ပြုပြင်နိုင်ရေးနှင့် အသစ်ပြန်လည်တည်ဆောက်ရေးအတွက် နည်းလမ်းသုံးမျိုးဖြင့် ဆောက်ရွက်သွားမည်ဟု ပြည်ထဲရေးဝန်ကြီးလည်းဖြစ်သည့် ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောသည်။
“ရုံးဌာနအဆောက်အအုံတွေကို ပြင်ဆင်ရန်အတွက် မူလတည်ဆောက်ခဲ့တဲ့ကုမ္ပဏီတွေကို တာဝန်ပေးဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေက တည်ဆောက်ရေးလုပ်ငန်းများ လက်ရှိဆောင်ရွက်နေတဲ့ကုမ္ပဏီတွေကို တာဝန်ပေးဆောင်ရွက်ခြင်းနဲ့ အင်ဂျင်နီယာအသင်း ၃ သင်းက သတ်မှတ်ထောက်ခံပေးထားတဲ့ကုမ္ပဏီတွေကို တာဝန်ပေးဆောင်ရွက်ခြင်း စတဲ့ နည်းလမ်းသုံးမျိုးနဲ့ ဆောက်ရွက်သွားမယ်” ဟု စစ်ကောင်စီ၏ ဒုဝန်ကြီးချုပ်များထဲက တစ်ဦးဖြစ်သူက ပြောသည်။
ဝန်ထမ်းအိမ်ရာများ ပြုပြင်ခြင်းအတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းအစိုးရများက တာဝန်ယူဆောင်ရွက်သွားရမည်ဖြစ်ပြီး ခန့်မှန်းကုန်ကျငွေများကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တွက်ချက်ပြီးနောက် အဆင့်ဆင့်စစ်ဆေးအပြီးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ချပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“မအလက စိတ်ထင်ရာတွေ လျှောက်လုပ်နေတာ။ သူဋ္ဌေးတွေ အကြီးအကျယ်ထိကြပြီဗျ။ မြန်မာဆောက်လုပ်ရေးလုပ်ငန်းတွေဆိုတာ ခရိုနီတွေချည်းပဲ ထောင်ထားကြတာလေ။ နေပြည်တော်ဆောက်ခဲ့တဲ့ကုမ္ပဏီဆိုလည်း သူတို့စစ်အုပ်စုထဲကပဲ။ အခုတော့ အကြီးအကျယ်ထိပြီပေါ့ဗျာ” ဟု ပြည်တွင်းထိပ်တတန်းစီးပွားရေးလုပ်ငန်းရှင်ကြီးများဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)အဖွဲ့ဝင် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
စစ်ကောင်စီဘက်က ထိုသို့လုပ်ဆောင်ခြင်းကြောင့် ခရိုနီစီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းအတွင်း ဂယက်ရိုက်နေသော်လည်း ပြင်ပသို့မထွက်ရန် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်နေကြသည်ဟု ကြားသိရကြောင်း ၎င်းက ပြောသည်။
“ဒီသတင်းကြားရတာ အမနာပ ပြောရရင် ကောင်းတယ်ဗျာ။ စစ်အုပ်စုနဲ့ပေါင်းစားနေတဲ့ ခရိုနီတစ်စု ကိုယ့်အတက် ကိုယ်ပြန်စူးကြပြီပေါ့” ဟု ရန်ကုန်မြို့တွင် နေထိုင်သူ အမျိုးသားတစ်ဦးက မှတ်ချက်ပြုပြောကြားသည်။
အဆောက်အဦများ ပြန်လည်ပြုပြင် အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌက ယမန်နေ့အစည်းအဝေးအတွင်း ငလျင်ဒဏ်ခံခဲ့ရသည့် အဆောက်အအုံများ ပြန်လည်ပြုပြင်ခြင်း၊ အသစ်တည်ဆောက်ရာတို့တွင် အင်အားရစ်ချ်တာစကေး ၈ အဆင့်ရှိသည့် အဆောက်အအုံများဖြစ်အောင် ဆောက်လုပ်ရမည်ဖြစ်ကြောင်း ၎င်းလက်အောက်ခံများကို အမိန့်ပေးသွားသည်။
ထို့အပြင် ငလျင်ဘေးဒဏ်ခံခဲ့ရသည့် နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်ခြောက်ခုရှိ အဆောက်အအုံများ ပြန်လည်ပြုပြင်နိုင်ရေးနှင့် အသစ်ပြန်လည်တည်ဆောက်ရေးကော်မတီများကို ဖွဲ့စည်းပေးထားပြီးဖြစ်သည်ဟု ၎င်းက ပြောသည်။
ထို့အပြင် အစိုးရပိုင်အဆောက်အအုံများ၊ ရုံးအဆောက်အအုံ၊ ဝန်ထမ်းအိမ်ရာ၊ အထူးအဆောက်အုံများကိုစစ်ဆေးနိုင်ရန် အဆင့် ၁ စစ်ဆေးရေးအဖွဲ့ ၁၈ ဖွဲ့၊ အဆင့် ၂ စစ်ဆေးရေးအဖွဲ့ ၁၁ ဖွဲ့နှင့် အထူးစစ်ဆေးရေးအဖွဲ့ ၁၂ ဖွဲ့တို့ကို ဖွဲ့စည်းပြီး အနီ၊ လိမ္မော်နှင့် အပြာရောင်ဟူ၍ အဆောက်အအုံများကို စစ်ဆေးပြီးနောက် ခွဲခြားသတ်မှတ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
လွန်ခဲ့သည့် နှစ် ၂၀ ခန့်က နေပြည်တော် တည်ဆောက်ရေး အထူးဖွံဖြိုးရေးစီမံကိန်းတွင်ပါဝင်ခဲ့ကြသည့် ကုမ္ပဏီများအနေဖြင့် စစ်ကောင်စီ၏ နေပြည်တော်စည်ပင်သာယာရေးကော်မတီသို့ ပြန်လည်ဆက်သွယ်ရန် ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့မှစတင်၍ စစ်ကောင်စီထိန်းချုပ်ခံ သတင်းစာများမှတစ်ဆင့် စစ်ကောင်စီက နေ့စဉ်ကြော်ငြာထည့်သွင်းလျက်ရှိသည်။
နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံအပါအဝင် ထင်ရှားသည့် ရုံးအဆောက်အအုံများကို ဦးသိန်းစိန်အစိုးရလက်ထက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး အဖြစ် တာဝန်ယူခဲ့သူ ဦးတင့်ဆန်း ၏ A.C.E ကုမ္ပဏီက အဓိကတာဝန်ယူတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။