By Ra Wai / MPA
စစ်အုပ်စု၏ ဗုံးကြဲသတ်ဖြတ်နေမှုများ ချက်ချင်းရပ်တန့်အောင် နိုင်ငံတကာအစိုးရများအနေနှင့် မဖြစ် မနေလုပ်ဆောင်ရန် Justice for Myanmar က တောင်းဆိုလိုက်သည်။
စစ်ကောင်စီတပ်သည် ဖျက်အားပြင်းငလျင်ကြောင့် အတိဒုက္ခရောက်နေကြသည့် ပြည်သူများကို ဆက်လက်ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်နေဆဲဖြစ်ပြီး စစ်အုပ်စု၏ အကြမ်းဖက်တိုက်ခိုက်မှုများ ရပ်တန့်ရန်နှင့် အပြစ်မဲ့ပြည်သူ့အသက်များကို ကယ်တင်နိုင်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုများ အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း Justice for Myanmar က ဆိုသည်။
“ပထဝီမြေကြီးက တုန်ခါနေပြီး ကောင်းကင်က ဗုံးမိုးတွေ ရွာချနေတယ်”ဟု Justice for Myanmar က ဆိုသည်။
ငလျင်ဘေးအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ဆောင်ရမည့်အစား မြန်မာပြည်သူတို့သည် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးဖြင့် ပစ်ခတ်မှုတို့ ခံနေရကြောင်းလည်း ဆိုသည်။
မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်နိုင်ရန်နှင့်တည်ငြိမ်အေးချမ်းမှုကို ရှေးရှုကာ ဧပြီ နှစ်ရက်မှ ၂၂ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ယာယီအပစ်ရပ်ကြောင်း စစ်ကောင်စီက ပထမအကြိမ် ထုတ်ပြန်ပြီးနောက် ဧပြီ ၂၃ရက်မှ ၃၀ရက်အထိ ထပ်မံသက်တမ်းတိုးကြောင်း ကြေညာခဲ့သော်လည်း ယင်းအပစ်ရပ်ကာလတောက်လျှောက် လေကြောင်းနှင့်လက်နက်ကြီးဖြင့် ပစ်ခတ်မှုတို့ကို ကျူးလွန် လျက်ရှိသည်။
“ဘယ်လောက်ထိအောင် ကျူးလွန်နေသလဲဆိုတော့ ငလျင်ထိထားတဲ့ ဒေသတွေတောင် မချန်ဘဲ စစ် တပ်က တိုက်ခိုက်နေတာ အားလုံးမျက်မြင်ပါပဲ။ဒါကို နိုင်ငံတကာက မြင်တယ်။ ဒါပေမဲ့၊ရေငုံနှုတ် ပိတ် မသိချင်ယောင်ဆောင်နေကြတယ်”ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။
စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့သည့် မတ်လ၂၈ရက်မှ ဧပြီ၂၉ရက်အထိ စစ်ကောင်စီတပ်၏ လေ ကြောင်းနှင့် လက်နက်ကြီးဖြင့်တိုက်ခိုက်မှု စုစုပေါင်း၄၀၃ကြိမ်ရှိပြီး ယင်းတိုက်ခိုက်မှုကြောင့် အပြစ် မဲ့ပြည်သူနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃၀၉ဦးထက်မနည်း သေဆုံးခဲ့ကာ ဒဏ်ရာရသူ ၆၃၆ဦးရှိကြောင်း DVBသတင်းဌာန၏ စစ်တမ်းက ဆိုသည်။
စစ်ကောင်စီက အပစ်အခတ်ရပ်စဲကြောင်း တရားဝင်ကြေညာပြီးနောက် ဗုံးကြဲချင်တိုင်း ကြဲနေခြင်း သည် နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း စော်ကားခြင်းဖြစ်ပြီး နိုင်ငံတကာကလည်း ယင်းသို့ စော် ကားခံရခြင်းအပေါ် မသိချင်ယောင်ဆောင်နေကြောင်း ၎င်းကဆိုသည်။
“တရုတ်ဆိုရင် နိုင်ငံကြီးတစ်နိုင်ငံရဲ့ ဂုဏ်သိက္ခာကင်းမဲ့စွာနဲ့ စစ်ကောင်စီဘက်ကနေ ဗြောင်ရပ်တည် ပြနေတယ်။စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကို နိုင်ငံတကာရဲ့ စုစည်းအင်အားနဲ့သာ ဖျက်ပစ်နိုင် မယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
နိုင်ငံရေးဆောင်းပါးရှင် ဆရာနောင်ဘိုကမူ အဖွဲ့အသီးသီး၏ အပစ်ရပ်ကြေညာချက်များသည် ကြေညာချက်သက်သက်လို ဖြစ်နေကြောင်း ဆိုသည်။
“စစ်တပ်ကလည်း လေကြောင်းရော မြေပြင်ရော တိုက်ခိုက်မှုတွေရှိနေတာပဲ။NUG၊PDF တွေရော ERO တွေရောကလည်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေကြတာပါပဲ။အဲတော့ ဟန်ပြကြေညာကြတာပဲ လို့ မြင်ပါတယ်။တကယ် အပစ်ရပ်လိုတဲ့ ဆန္ဒတော့ မရှိကြသေးပါဘူး”ဟု ဆရာနောင်ဘိုက ပြောသည်။
ငလျင်ဘေးသင့်ကာလတွင်ပင် စစ်ကောင်စီတပ်၏ အပြင်းအထန်လေကြောင်းတိုက်ခိုက်နေမှုများအ ပေါ် အာဆီယံအနေနှင့် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဝေဖန်သင့်ပြီဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးအ ကျဉ်းသားဟောင်းတစ်ဦးက ဆိုသည်။
“မလေးရှားဝန်ကြီးချုပ်က မင်းအောင်လှိုင်နဲ့ ဘန်ကောက်မှာတွေ့တော့ အပစ်အခတ်ရပ်မှ ငလျင် ဘေး ထိထိရောက်ရောက် အကူအညီပေးနိုင်မယ်ဆိုပြီး ပြောခဲ့တယ်။မင်းအောင်လှိုင်က အပစ် မရပ်ဘူး။အဖက်မလုပ်ဘူးဆိုတဲ့သဘောပဲ”ဟု ၎င်းက ပြောသည်။
ဧပြီ၁၇ရက်တွင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ စီစဉ်မှုအရ လက်ရှိအာဆီယံဥက္ကဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နှင့် မင်းအောင်လှိုင်တို့ ဘန်ကောက်မြို့၌ တွေ့ဆုံခဲ့ကြသည်။
စာတည်း-ကိုဆန်း