By Nway / MPA
ဖျက်အားပြင်းငလျင်ကြီး လှုပ်ခတ်ခဲ့အပြီး တစ်လကြာသည့်တိုင် သန်းပေါင်းများစွာသော ပြည်သူတို့သည် နောက်ဆက်တွဲ အကျိုးဆက်များကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂလူ သားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA က ဆိုသည်။
ငလျင်ဘေးသင့်ကာလ တစ်လပြည့်သည့်တိုင် ဘေးသင့်မိသားစုများသည် လုံခြုံမှုမရှိသော ယာယီတဲများတွင် ဆက်လက်နေထိုင်နေကြရပြီး သန့်ရှင်းသည့် သောက်သုံးရေ၊ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကာကွယ်စောင့်ရှောက်ပေးမှုများ အလုံအလောက်မရသေးကြောင်းလည်း ဆိုသည်။
“ငလျင်ဘေးသင့်ပြည်သူ ကူညီရေးမှာ တက်ကြွစွာဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းအားလုံးကို ကျေးဇူးတင်ပါတယ်။ဒါပေမဲ့၊တစ်လပြည့်တဲ့အချိန်မှာ လွတ်လပ်စွာ ကူညီခွင့်မရတဲ့အခြေအနေတွေ၊ စစ်ကောင်စီရဲ့ အကန့်အသတ်တွေကြောင့် စိတ်သွားတိုင်းကိုယ်မပါနိုင်တာတွေ၊တော်လှန်ရေးထိန်း ချုပ်နယ်မြေထဲက ငလျင်ဘေးသင့်ပြည်သူတွေကို လွတ်လပ်စွာ ကူညီခွင့်ရ၊မရ စတာတွေကို ကုလအ ဖွဲ့တွေအနေနဲ့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောဖို့ အချိန်တန်ပြီ”ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ် ရှားသူတစ်ဦးက MPA သို့ပြောသည်။
မန္တလေးမြို့ပေါ်ရှိ ဘေးသင့်ပြည်သူအချို့သည် လုံခြုံမှုမရှိသော ယာယီတဲများပင် မရသဖြင့် ဖြစ် သလိုနေထိုင်နေကြရကြောင်းလည်း ၎င်းက ဆိုသည်။
ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် အရေးတကြီး လိုအပ်သည့် အကူအညီများ ဆက်လက်ပေးအပ်နေပြီး လူထု အသိုင်းအဝိုင်း ပြန်လည်ထူထောင်ကြရမည့် ခရီးရှည်ကြီးတွင်လည်း ကူညီပံ့ပိုးပေးလျက် ရှိကြောင်း လူသားချင်းစာနာမှုဆိုင်ရာ ဝန်ထမ်းများသည် ငလျင်ဘေး တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော်လည်း လူထုအသိုင်းအဝိုင်း ပြန်လည် ထူထောင်နိုင်ရန် အကူ အညီများစွာ လိုအပ်လျက်ရှိနေသေးကြောင်း UNOCHA က ဆိုသည်။
မြန်မာနိုင်ငံ ဌာနေနှင့် လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးက ရန်ပုံငွေများ ထပ်မံ ဖြည့်ဆည်းပေးရန် တိုက်တွန်းထားကြောင်းလည်း သိရသည်။
ငလျင်ဘေး မကျရောက်ခင် အချိန်မှာပင် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသူ သန်း ၂၀ ရှိကြောင်း UNOCHA က ထုတ်ပြန်သည်။
ဖျက်အားပြင်းစစ်ကိုင်းငလျင်ကြီးသည် မတ်လ၂၈ရက်တွင် လှုပ်ခတ်ခဲ့သည်။