By Mg Dagon / MPA
ပြင်းအားမြင့်ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးမှုအများဆုံးဒေသဖြစ်သော မန္တလေးတိုင်း၊ မန္တလေးမြို့တွင် ယနေ့ ဧပြီ ၂၈ ရက် တစ်လပြည့်မြောက်သည့်နေ့တွင် သေဆုံးခဲ့ရသူများအတွက် သံဃာများကို သက်ပျောက်ဆွမ်း ကပ်လှူပွဲများ ပြုလုပ်ပေးနေကြောင်း ဒေသခံများထံမှ သိရသည်။
မြန်မာထုံးတမ်းဓလေ့အရ သေဆုံးပြီး တစ်ပတ်ပြည့်ပါက သံဃာများကို ပင့်ဖိတ်၍ ရက်လည်ဆွမ်းသွတ်ပြုလုပ်လေ့ရှိသကဲ့သို့ ပထမဆုံးတစ်လပြည့်တွင် သက်ပျောက်ဆွမ်းကပ်လေ့ရှိသည်။
“တချို့ နေရာတွေမှာ လုပ်ကြတယ်။ ကျတော့် ဝန်းကျင်မှာတော့ မတွေ့မိသေးဘူး။ တော်တော်များများတော့ လုပ်ကြမှာပါ” ဟု မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
နောက်ထပ် မန်းမြို့ခံ အသက် ၅၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးကလည်း သက်ပျောက်ဆွမ်းကပ်လှူမှုများ မန္တလေးမြို့အတွင်း သေဆုံးခဲ့ရသူအများအပြားပြုလုပ်နေကြသည်ဟု ပြောသည်။
“တစ်အိမ်တည်း လေးယောက်သေတဲ့ မိသားစုဝင်တွေက ဒီနေ့(ဧပြီ ၂၈ ရက်) လုပ်ကြတယ်” ဟု မန္တလေးတိုင်း၊ ပလိပ်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် ငလျင်အတွင်း မိသားစုဆုံးရှုံးခဲ့ရသူအချို့မှာလည်း တစ်လမပြည့်မီ နှစ်ရက်အလိုတွင် ဘုန်းတော်ကြီးကျောင်းများတွင် ကွယ်လွန်ခဲ့ရသူများအတွက် ဥပုသ်စောင့်ပြီး ဘုန်းကြီးဆွမ်းကပ်၍ ကောင်းမှုကုသိုလ်များ ပြုလုပ်ပေးကြသည်ဟု မြို့ခံများထံမှ သိရသည်။
“ကွယ်လွန်သူတွေရဲ့ မိသားစုဝင်တချို့ကတော့ ဥပုသ်တစ်လပြည့်ကို ယူပြီး ပြီးခဲ့တဲ့နှစ်ရက်က လုပ်ကြတယ်။ ပြီးတော့ ဘုန်းကြီးဆွမ်းကပ်ကြတယ်” ဟု မန်းမြို့ခံတစ်ဦးက ပြောသည်။
မန္တလေးအပါအဝင် စစ်ကိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့ရှိ သန်းနှင့်ချီသော ငလျင်ဒဏ်ခံစားခဲ့ရသူများအနေဖြင့် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ပြင်းအားမြင့်သမိုင်းဝင်ငလျင်ဒဏ်မှ ရုန်းထွက်နိုင်ရန် အချိန်ကြာမြင့်ဦးမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ ငလျင်ဒဏ်သင့်ဒေသများတွင် တစ်လတာကာလ ရောက်ရှိလာပြီဖြစ်သော်လည်း ကယ်ဆယ်ရေးသာ လုပ်နေကြရပြီး ပြန်လည်ထူထောင်ရေးကို မလုပ်နိုင်သေးကြောင်း သိရသည်။
မန္တလေးတိုင်း၊ မန္တလေးမြို့၊ Sky Villa အဆောက်အဦ C နှင့် D အဆောင်တို့ကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ဖယ်ရှားရှင်းလင်းရာမှ C အဆောင် အခန်းနံပါတ် M6 မှ ရွှေတုံး(၂)တုံး၊ ငွေသားများနှင့် အဝတ်အစားအိတ်တို့ကိုတွေ့ရှိခဲ့သည့်အတွက် ပိုင်ရှင်ဖြစ်သူထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ယနေ့တွင် အဆိုပါမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။
မတ်လ ၂၈ ရက်နေ့ ငလျင်ဒဏ်ကြောင့် လူပေါင်း ၃၈၀၀ နီးပါးသေဆုံးခဲ့သည့်အနက် ၂၁၀၀ ဦးခန့်မှာ မန္တလေးတိုင်းအတွင်းကဖြစ်သည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ သိရသည်။