By Hsu Yee/MPA
တော်လှန်ရေးအင်အားစု စိုးမိုးနယ်မြေ ငလျင်ဘေးသင့်ဒေသများသို့ နိုင်ငံတကာ အဖွဲ့များ ဝင်ရောက်ခွင့်မရအောင် စစ်တပ်က ပိတ်ဆို့ထားကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောသည်။
ယခုအခါ ဖျက်အားပြင်းစစ်ကိုင်းငလျင်ကြီး လှုပ်သည်မှာ တစ်လရှိပြီဖြစ်သော်လည်း နိုင်ငံတကာ လူသားစာနာအဖွဲ့များက တော်လှန်ရေးစိုးမိုးနယ်မြေထဲရှိ ငလျင်ဘေးသင့်ဒေသများသို့ လွတ်လပ် စွာဝင်ရောက်အကူအညီပေးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“သူတို့(စစ်တပ်) ဂိတ်တွေရှိတယ်။ အဲ့ဂိတ်တွေကနေမှ ဖြတ်ခွင့်မပေးဘဲ ပိတ်ဆို့ထားတဲ့ အခြေအနေ ဖြစ်ပါတယ်”ဟု ၎င်းက MPAသို့ပြောသည်။
တော်လှန်ရေးအင်အားစုများရော စစ်ကောင်စီပါ အပြည့်အဝစိုးမိုးထားနိုင်ခြင်းမရှိသည့် ငလျင်ဘေး သင့်ဒေသများသို့လည်း အကူအညီပေးရေးအဖွဲ့အချို့ ဝင်ရောက်ခွင့်မရသေးကြောင်း ဆိုသည်။
ထို့အပြင် မန္တလေးမြို့ပေါ်ရှိ ဘေးသင့်ပြည်သူအချို့မှာ ယခုထိတိုင် လမ်းမဘေးနှင့် မီးရထားလမ်း ဘေးတို့တွင် ဖြစ်သလိုတဲထိုးနေကြရကြောင်း သိရသည်။
“အဲ့တော့ အကူအညီတွေမရောက်တာအပြင် နောက်တစ်ခုကတော့ ရောက်ရှိထားတဲ့ အကူအညီတွေကိုလည်း စနစ်တကျ စီမံခန့်ခွဲနိုင်တဲ့ အခြေအနေမျိုး ရှိမနေဘူးဆိုတာကိုတော့ ဒါမြင်တွေ့ရမှာဖြစ်ပါတယ်”ဟု ဦးနေဘုန်းလတ်ကဆိုသည်။
ထို့ကြောင့် နိုင်ငံတကာအနေနှင့် စစ်ကောင်စီလက်ထဲသို့ အကူအညီများ ပုံမပေးရန်နှင့် ဘေးသင့် ပြည်သူများဆီသို့ အကူအညီများ အမှန်တကယ် ရောက်၊မရောက် စောင့်ကြည့်သည့် ယန္တရားတစ် ရပ်ထူထောင်ရန် သတင်းစကားပါးထားကြောင်းလည်း ဆိုသည်။
“ ပြီးရင် ကျတော်တို့ စစ်တပ်တင်မကဘူးပေါ့နော်။ဒီဘက် NUG အပါအဝင် ဒီ လွတ်လပ်တဲ့ civil societyတွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်ကြဖို့ဆိုတဲ့ အကြောင်းတွေတော့ ကျတော်တို့ တောက်လျှောက် သတင်းစကားတွေ ပေးလျက်ရှိပါတယ်ဗျ”ဟု ဦးနေဘုန်းလတ်က ဆက်လက် ပြောသည်။
NUGအစိုးရအနေနှင့် တော်လှန်ရေးစိုးမိုးနယ်မြေများရှိ ငလျင်ဘေးသင့်ပြည်သူများဆီသို့ အကူအ ညီ များတိုက်ရိုက်ရောက်အောင် ဆောင်ရွက်ပေးနေသလို ပြည်လည်ထူထောင်ရေးကိစ္စများလည်း လုပ် ကိုင်လျက်ရှိကြောင်း သိရသည်။
မတ်လ၂၈ရက်တွင် စစ်ကိုင်းမြို့အနီးကို ဗဟိုပြုကာ ရစ်ချ်တာစကေး ၇ဒဿမ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့သည်။
စာတည်း-ML