By Poesangle/ MPA
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသတွင် ယင်လုံအိမ်သာအခက်အခဲဖြစ်ပေါ်နေပြီး ဒေသခံများအတွက် ကျန်းမာရေးဆိုင်ရာပြဿနာများ ဖြစ်ပွားလာနိုင်ကြောင်း ဒေသခံများနှင့် ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူများ ထံမှစုံစမ်း သိရှိရသည်။
ပြီးခဲ့သည့် မတ် ၂၈ရက်က လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်း ငလျင်ကြီးကြောင့် အင်းလေးဒေသရှိ ရွာပေါင်း ၂၈ရွာတွင် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပြီး ဒေသခံ ၂၀၀ ကျော်သေဆုံးခဲ့ရသည်။
ထို့ပြင် အင်းလေးဒေသသည် ရေပေါ်၌ အိမ်များဆောက်လုပ်ထားခြင်းဖြစ်ပြီး ငလျင်ကြောင့် အိမ်များပျက်စီးခဲ့ရာ ပြန်လည်ပြုပြင်နိုင်ရန်အတွက် အခက်အခဲများပိုမိုဖြစ်ပွားနေရခြင်းလည်းဖြစ်သည်။
“ ပြန်လည်ထူထောင်ရေးကို တဖြည်းဖြည်းလုပ်ဆောင်ပေမဲ့ လုံလောက်မှုတော့ မရှိသေးဘူး။ အိမ်ဆောက်ပစ္စည်းတချို့ လိုအပ်မှု အများကြီးရှိနေသေးတယ်။ ပြီးတော့ ဒေသခံတွေအတွက် ကျန်းမာရေးက အဓိကဖြစ်တယ်။ အိမ်သာ အရမ်းလိုအပ်နေတယ်။ ဒီဒေသက ရေပေါ်နေနေတော့ သန့်ရှင်းဖို့ အရေးကြီးဆုံး။ အင်းရေကိုပဲ အသုံးပြုရတာလေ၊ အင်းရေထဲမှာ မစင်စွန့်တာများလို့ ကြာတဲ့အခါ ကျန်းမာရေးထိခိုက်လာနိုင်တယ်” ဟု အင်းလေးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ပြင် ငလျင်ကြောင့် အိမ်ပျက်စီးရာတွင် ယင်လုံအိမ်သာများပါ ပျက်စီးခြင်းကြောင့် ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူများက ယင်လုံအိမ်သာများကို ယာယီဆောက်လုပ်ပေးသော်လည်း ငလျင်ဘေးသင့်ပြည်သူများပြားနေသည့်အတွက် လုံလောက်မှုမရှိကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
ထိုကဲ့သို့ ယင်လုံအိမ်သာ လုံလောက်မှုမရှိပါက နောက်ဆက်တွဲ အနေဖြင့် ဝမ်းရောဂါ၊ ယားနာရောဂါနှင့် အခြားသော ရောဂါများလည်း ဖြစ်ပွားလာနိုင်သည်ဟု ငလျင်ဘေးသင့်ပြည်သူများကို ကူညီပေးနေသူတစ်ဦးက ပြောသည်။
“ အခုလောလောဆယ်တော့ အလှူရှင်တွေ လာပါတယ်။ အစားအသောက်ကတော့ အဆင်ပြေတယ်။ အိမ်ဆောက်ပစ္စည်းတချို့ လိုအပ်တာတွေရှိတယ်။ အိမ်သာအတွက်ဆိုပြီး အိမ်သာခွက်တွေလှူဒါန်းပေးတဲ့သူတွေလဲရှိတယ်။ ဒါပေမဲ့ အိမ်သာတစ်လုံးဖြစ်ဖို့ ပစ္စည်း တွေတော့ အလုံအလောက်မရသေးဘူး။ နောက်တစ်ခုက ဆေးဝါးတွေလည်း လိုအပ်နေတယ် ” ဟု ၎င်းက ပြောသည်။
” အိမ်တစ်လုံး ပြန်ဆောက်ဖို့ မလွယ်ဘူး။ အနည်းဆုံး သိန်း ၄၀နဲ့ ၅၀ ရှိမှ အဆင်ပြေမှာ၊ ပြီးတော့ မိုးတွင်းမရောက်ခင် အိမ်အပြီးဆောက်ရမှာမို့ ဝန်လေးနေရတယ်။ ငလျင်ကြောင့် အိမ်တွေပျက်သွားတာ ရာထောင်ချီရှိတယ်။ လက်သမားတွေလည်း မလုံလောက်ဘူး” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိတွင်လည်း အင်းလေးကန်၌ ရေများခန်းခြောက်နေပြီး သောက်သုံးရေအတွက်လည်း အခက်အခဲဖြစ်ပေါ်နေကြောင်း ဒေသခံများကဆိုသည်။
ငလျင်ကြောင့် ပျက်စီးခဲ့သည့် နေအိမ်များကို မိုးတွင်းမတိုင်မီ တည်ဆောက်နိုင်မှသာ အဆင်ပြေမည်ဖြစ်ပြီး မတည်ဆောက်နိုင်ပါက အင်းလေးဒေသခံများ ပိုမိုခက်ခဲနိုင်ကြောင်းလည်း သိရသည်။
ယမန်နှစ်(၂၀၂၄ခုနှစ်) မိုးတွင်းကာလတုန်းကလည်း အင်းလေးဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး အိမ်ရာနှင့်ချီ ပျက်စီးခဲ့ရသေးသည်။
စာတည်း-ကိုဆန်း