By Mg Dagon / MPA
စစ်ကိုင်းပြတ်ရွေ့တစ်လျှောက်ရှိ တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသများ ငလျင်ကြီးအန္တရာယ် သတိပြုရန်လိုအပ်ကြောင်း မြေငလျင်ပညာရှင် ဒေါက်တာမျိုးသန့်က ပြောသည်။
မြန်မာနိုင်ငံအဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုမြို့အနီးမှ မြန်မာနိုင်ငံတောင်ပိုင်း မုတ္တမပင်လယ်ကွေ့အထိ မြောက်မှ တောင်ထိ ရှိနေသည့် စစ်ကိုင်းပြတ်ရွေ့အပိုင်းများအနက် အလယ်ပိုင်းဒေသဖြစ်သည့် မန္တလေးနှင့် စစ်ကိုင်းကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၇ဒသမ၇ အဆင့်ရှိ အင်အားအလွန်ပြင်းငလျင်သည် မတ် ၂၈ရက်က လှုပ်ခတ်ခဲ့သည်။
ထိုကဲ့သို့ လှုပ်ခတ်ခဲ့မှုကြောင့် အလယ်ပိုင်းဒေသတွင် ငလျင်ကြီးလှုပ်ခတ်နိုင်မှုမရှိတော့သော်လည်း စစ်ကိုင်း ပြတ်ရွေ့ တစ်လျှောက်ရှိ တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် ငလျင်ကြီးလှုပ်ခတ်နိုင်သည့် အခြေအနေများရှိနေသည့်အတွက် သတိပြုရန် ဒေါက်တာမျိုးသန့်က ပြောကြားသည်။
” စစ်ကိုင်းပြတ်ရွေ့တစ်ခုတည်းကြည့်မယ်ဆိုရင်တောင် ၂၀၁၂ သပိတ်ကျင်းငလျင်၊ အခု ၂၀၂၅ ငလျင် ဒီအပိုင်းတွေကလွဲရင် ကျန်တဲ့အပိုင်းတေက အန္တရာယ်များလာတာပေါ့၊၂၀၁၂ နဲ့ ၂၀၂၅ ဆို ၁၃နှစ်အကြာပေါ့ ဆက်လှုပ်တာဆိုတော့ တောင်ဘက်အပိုင်း ပဲခူးအခြမ်းပေါ့၊ မြောက်ဘက်ကတော့ တကောင်း၊ အင်တော်ကြီး၊ မြစ်ကြီးနား၊ ကာမိုင်း ၊ ပူတာအို အဲ့ဒီဒေသတွေက ငလျင်ကြီးအန္တရာယ်ကို သတိပြုသင့်တယ် ” ဟု ဒေါက်တာမျိုးသန့်က MPA ကိုပြောသည်။
ပြီးခဲ့သည့် မတ် ၂၈ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် သေဆုံးသူ ၃၇၃၅ ဦး၊ ဒဏ်ရာရရှိသူ ၅၁၀၈ ဦးနှင့် ပျောက်ဆုံးသူ ၁၂၀ ရှိကြောင်း စစ်ကောင်စီက ဧပြီ ၂၀ရက်တွင် ထုတ်ပြန်ထားသည်။
“ ပြီးခဲ့တဲ့လက လှုပ်တဲ့ငလျင်က ရန်ကုန်ကို အဖျားလေးခပ်သွားတာတောင် အတော်ထိတ်လန့်ကုန်တာ၊ ပဲခူးမှာသာ လှုပ်ခဲ့ရင်တော့ မတွေးဝံ့ဘူးလေ၊ ဘယ်လိုဖြစ်ဖြစ် ငလျင်ကလှုပ်အုန်းမှာဆိုတော့ သတိပေးချက်တွေ၊ ငလျင်လှုပ်ရင် ဆောင်ရန် ရှောင်ရန်တွေကို လေ့လာထားရမှာပေါ့” ဟု ရန်ကုန်မြို့တွင် နေထိုင်သည့် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
မတ်လအတွင်းက လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်နောက်ဆက်တွဲ အဖြစ် ရစ်ချ်တာစကေး ၇ အဆင့်ရှိ ငလျင်ကြီးတစ်ကြိမ်အပါဝင် ငလျင်ငယ် အကြိမ် ခြောက်ရာကျော်လှုပ်ခတ်ခဲ့ကြောင်း USGSက ထုတ်ပြန်ထားသည်။
၁၉၃၀ တွင် စစ်ကိုင်းပြတ်ရွေ့မှလှုပ်ခတ်ခဲ့သည့် ပဲခူးငလျင်(ဆွာငလျင်)သည် အင်အား ရစ်ချ်တာစကေး ၇ဒသမ၃ရှိခဲ့ပြီး ယင်းငလျင်ကြောင့် လူ ၅၅၀ သေဆုံးခဲ့ရသည်။
“ တောင်ဘက်ပိုင်းကြည့်မယ်ဆို ၁၉၃၀ ပဲခူးငလျင်အပိုင်းပေါ့၊ ဒီအပိုင်းတွေကလည်း ဘူမိဗေဒအချက်အလက်တွေအရကော၊ အတိတ်ကလှုပ်ပြီးတဲ့ ငလျင်အချက်အလက်အရ နှစ်တစ်ရာပတ်ချာလည်လောက်ဆို ငလျင်ကြီးပြန်လှုပ်လေ့ရှိတယ်။ ဒီနေရာတွေက အန္တရာယ်ရှိတယ်။ အခုလှုပ်ခဲ့တဲ့ (မတ် ၂၈ရက် အင်အားပြင်းငလျင်ကြီး)ငလျင်အပိုင်းကလွဲပြီး ကျန်တဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့ နေရာတွေက သတိထားရမယ် ” ဟု ဒေါက်တာမျိုးသန့်က ပြောသည်။
မြေငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ မြေငလျင်များသည် အင်အားရစ်ချ်တာစကေး ၅ ကျော်နှင့် အင်အားရစ်ချ်တာ စကေး ၆ ကျော်မှသာ နောက်ဆက်တွဲမြေ ငလျင်များလှုပ်ခတ်နိုင်ပြီး အင်အားအနည်းငယ်သာ လှုပ်ခတ်ခဲ့သည့် မြေငလျင်များတွင် နောက်ဆက်တွဲ မြေငလျင်လှုပ်ခတ်မှုမရှိပေ။
မြေငလျင်လှုပ်ခတ်မှုသည် ကျောက်သားထုချပ်နှစ်ခုတစ်ခုနှင့် တစ်ခုတွန်းတိုက်မိရာမှ တစ်ခုက အခြားတစ်ခုအောက်သို့ ငုပ်လျှိုးဝင်ရောက်ပြီး အပေါ်တစ်ခုသည် တွန်းတိုက်ခံရသည့်အတွက် တွန့်ခေါက်လာကာ အဆိုပါတွန်းတိုက်သည့် နေရာတွင် အားများတဖြည်းဖြည်း စုစည်းလာပြီး စုစည်းမိသောအားများ ရုတ်တရက်ရုန်းကန်၍ ပြန့်ထွက်ပြီး မြေငလျင်လှုပ်ခတ်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုအနီးမှ စတင်ခဲ့ပြီး မုတ္တမပင်လယ်ကွေ့အထိ မြောက်မှတောင်အထိ ရှိနေသည့် စစ်ကိုင်းပြတ်ရွေ့သည် အဆိုးရွားဆုံး ငလျင်ကြောကြီးတစ်ခု ဖြစ်ပေသည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝအနီး တောင်-တောင်မြောက်တန်းလျက် တည်ရှိနေသည့် ကဘော်ပြတ်ရွေ့၊ ပြင်ဦးလွင်အနီးမှစတင်ပြီး တောင်ကြီးမြို့အနီး တောင်မြောက်တန်းလျက်တည်ရှိသည့် ကျောက်ကြမ်းပြတ်ရွေ့၊ ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ အနောက်တန်းလျက် တည်ရှိနေသည့် မိုးမိတ်ပြတ်ရွေ့များသည် ငလျင်ကြောကြီးများ ဖြစ်ပေသည်။ ငလျင်ပြတ်ရွေ့ အသေးများစွာရှိနေသောကြောင့် ငလျင်ဒဏ်ကို မြန်မာနိုင်ငံ၏ မည်သည့်ဒေသတွင်မဆို အချိန်မရွေး ခံစားရနိုင်သည်။
ငလျင်လှုပ်ခတ်ပါက အင်အားရစ်ချ်တာစကေး ၁ မှ ၄ ဒသမ ၉ အထိ လှုပ်ခတ်ပါက အနည်းငယ် လှုပ်ခတ်ခြင်းဖြစ်သည်။ ရစ်ချ်တာစကေး ၅ မှ ၅ ဒသမ ၉ အထိ လှုပ်ခတ်မှုသည် အင်အားအသင့်အတင့်ဖြင့် လှုပ်ခတ်ခြင်းဖြစ်ပြီး ပျက်စီးမှုအနည်းအငယ်ရှိနိုင်သည်။ ရစ်ချ်တာစကေး ၆ မှ ၇ ဒသမ ၅ အထိလှုပ် ခတ်ပါက အင်အားပြင်း အဆင့်သတ်မှတ်ပြီး အပျက်အစီးများကာ ရစ်ချ်တာစကေး ၇ ဒသမ ၆ နှင့် အထက် လှုပ်ခတ်သော ငလျင်ကိုအားအလွန်ပြင်းအဖြစ် သတ်မှတ်သည်။