By Mg Dagon / MPA
သမိုင်းဝင်မြန်မာ့ငလျင်ဘေးသို့ နိုင်ငံတကာကူညီကယ်ဆယ်ရေးသမား ၂၀၉၄ ဦးလာရောက်ကူညီပေးခဲ့ကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရရှိထားသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
ယမန်နေ့ (ဧပြီ ၂၀ရက်)ညပိုင်းတွင် စစ်ကောင်စီထိန်းချုပ်ထားသည့် မီဒီယာများမှတစ်ဆင့် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာကူညီထောက်ပံ့မှုများအနေဖြင့် နိုင်ငံပေါင်း ၂၅ ခုက လေယာဉ် ၁၄၅ ခေါက်ရောက်ရှိခဲ့ပြီး တရုတ်နိုင်ငံက ကုန်းလမ်းမှ ကား ၂၃ စီး၊ ရေလမ်းမှ အိန္ဒိယနိုင်ငံက သင်္ဘော ငါးစင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက သင်္ဘော တစ်စင်းတို့ရောက်ရှိခဲ့သည်ဟု ဇော်မင်းထွန်းက ပြောသည်။
နိုင်ငံတကာမှ ထောက်ပံ့ပစ္စည်း ၂၅၁၄ ဒသမ ၆ တန်နှင့် ကယ်ဆယ်ရေးပစ္စည်းတန်ချိန် ၁၁၉၇ ဒသမ ၁၂ တန် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း ၎င်းက ပြောသည်။
စစ်ကောင်စီကပေးသည့်အထောက်အပံ့အချို့ မြေပြင်သို့ရောက်ရှိနေသော်လည်း ရရှိမှုနည်းပါးနေသေးသည်ဟု စစ်ကိုင်းနှင့် မန္တလေးမြို့တို့က ငလျင်ဘေးဒဏ်ခံစားနေရသူများထံမှ သိရသည်။
“ရောက်တော့ရောက်မှာပါ။ အချိန်တော့ ကြန့်ကြာမှာပေါ့။ လာဘ်စားတတ်တဲ့အသိုင်းအဝိုင်းဆိုတော့လေ။ ဘယ်လိုဖြန့်ဝေလဲဆိုတာတော့ ကျနော်တို့လည်း မသိပါဘူး။ အုပ်ကြီးတွေကတစ်ဆင့်ဖြန့်ဝေမယ်ဆိုရင်တော့ သူတို့ ထောဦးမှာပေါ့။ ကျတော်တို့တော့ မရသေးဘူး” ဟု မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့အပြင် လေ့လာသုံးသပ်သူများကလည်း ငလျင်ဘေးဒဏ်သင့်ဒေသများသို့ အထောက်အပံ့များကို စစ်ကောင်စီဘက်က ပေးအပ်လိမ့်မည်ဖြစ်သော်လည်း ၎င်းတို့လက်အောက်က အကောင်အထည်ဖော်သူများအပေါ်မူတည်ပြီး ရောက်ရှိမှုကွဲပြားနိုင်သည်ဟု ပြောကြားသည်။
“ကျတော့်အထင် အကူအညီတွေ ရောက်သင့်သလောက် ရောက်ပါမယ်။ နေပြည်တော်တောင် ပျက်စီးတာတွေ များလွန်းတယ်။ ဒါပေမဲ့ တဦးချင်း၊ အချို့တပ်မှူး ခြစားမှု၊ လာဘ်စားမှုတွေတော့ ရှိနိုင်ပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
သမိုင်းဝင်ငလျင်ဘေးကြောင့် မတ်လ ၂၈ ရက်မှ ယမန်နေ့ ဧပြီ ၂၀ ရက်နေ့အထိ ၂၄ ရက်အတွင်း သေဆုံးသူ ၃၇၃၅ ဦး၊ ဒဏ်ရာရသူ ၅၁၀၈ ဦးနှင့် ပျောက်ဆုံးသူ ၁၂၀ ဦးအထိရှိကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရထားသူက ယမန်နေ့က ပြောကြားချက်အတွင်း ဆက်ပြောထားသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောထားသကဲ့သို့ သေဆုံး/ဒဏ်ရာရသူများကို ထောက်ပံ့ကြေးများပေးမည်ဖြစ်ပြီး နေအိမ်ဆုံးရှုံးခဲ့ရသူများကို အမျိုးအစားအလိုက် ထောက်ပံ့ကြေးပေးရန် စီစဉ်နေသည်ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် စစ်ကောင်စီအစိုးရအဖွဲ့အစည်းအဝေးအတွင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ငလျင်ကြောင့် သေဆုံးသူတစ်ဦးလျှင် ကျပ် ၁၀ သိန်းသာ ထောက်ပံ့မည်ဟု ပြောဆိုထားသည်။
လတ်တလော ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေလက်ခံပွဲမှ အလှူငွေ ကျပ် ၁၀၄ ဒသမ ၄၄ ဘီလျံနှင့် အလှူပစ္စည်းတန်ဖိုး ကျပ် ၁၂ ဒသမ ၄ ဘီလီယံခန့်ကို စစ်ကောင်စီက ရရှိထားသည်ဟု စစ်ကောင်စီလက်အောက်ခံမီဒီယာများမှတစ်ဆင့်ကြေညာထားချက်အရ သိရသည်။
ထို့အပြင် ငလျင်ဘေးအတွက် နိုင်ငံတကာအဖွဲ့အစည်း ၂၀ ကျော်က အမေရိကန်ဒေါ်လာ သန်း ၁၃၀ ကျော် ကူညီမည်ဟု ကတိပြုထားကြောင်း သိရသည်။