By Mg Dagon / MPA
သမိုင်းဝင်ငလျင်ဒဏ်ကို ထိခိုက်ခံစားခဲ့ရသော ရှမ်းပြည်နယ် (တောင်ပိုင်း) မြို့တော် တောင်ကြီးရှိ Ocean ဈေးဝယ်စင်တာကို ၂၂ ရက်အတွင်း ပြန်လည်ဖွင့်လှစ်ခဲ့သည့်အပေါ် မြို့ခံများက အဆောက်အအုံကြံ့ခိုင်ရေးနှင့်ပတ်သက်ပြီး စိုးရိမ်မှုနှင့် သံသယများရှိနေကြသည်ဟု သိရသည်။
မတ်လ ၂၈ ရက်ငလျင်ကြီးလှုပ်ခတ်ခဲ့အပြီး နောက်တစ်ရက် မတ်လ ၂၉ ရက်နေ့မှစတင်၍ ထိခိုက်ပျက်စီးမှုများရှိခဲ့သော နေပြည်တော်၊ မန္တလေးနှင့် တောင်ကြီးတို့ရှိ City Mart ၊ Ocean နှင့် City Care ဈေးဝယ်စင်တာများကို ရက်အကန့်အသတ်မရှိပိတ်ခဲ့သည်။
“ဟုတ်တယ်။ ဖွင့်တာက ဖွင့်ပြီ။ ဆိုင်တွေက ဖွင့်ပြီလား မသိဘူး” ဟု တောင်ကြီးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
သို့သော် မြို့ခံအများစုမှာ မလည်ပတ်ရဲကြသေးဘဲ ငလျင်ဒဏ်ကို ယခုထက် သေချာစစ်ဆေးသင့်ပြီး စစ်ဆေးပြီးသည့်အချက်အလက်များကို ပြည်သူများထံ ပွင့်လင်းမြင်သာစွာ ချပြသင့်သည်ဟု တောင်ကြီးမြို့ခံများက ပြောသည်။
“သိတဲ့မြို့ခံတိုင်း ကြောက်ကြတာပေါ့။ အရင်ထဲက သူကအောက်မှာ ရေထွက်ကို ဖို့ပြီးဆောက်ထားတာ။ ဝုန်းဆို အကုန်ပြိုကျကုန်မှ အေးကုန်မယ်။ သိတဲ့သူကတော့ ဘယ်သွားကြတော့မလဲ။ ကြံ့ခိုင်မှုက ကြောက်စရာကြီး” ဟု တောင်ကြီးမြို့ခံ အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
တောင်ကြီး Ocean စင်တာ ပြန်လည်ဖွင့်လှစ်နိုင်ရေး ပြည်နယ်စည်ပင်သာယာရေးဌာနက အင်ဂျင်နီယာအဖွဲ့များဖြင့် စစ်ဆေးခဲ့ပြီးနောက် အင်ဂျင်နီယာအဖွဲ့က အန္တရာယ်မဖြစ်နိုင်ဟု ပြန်လည်အကြံပြုလာခြင်းကြောင့် ယမန်နေ့ ဧပြီ ၁၈ ရက်နေ့မှစတင်၍ ခွင့်ပြုလိုက်ကြောင်း ယင်းဌာနက ထုတ်ပြန်ထားသည်ဟု ထိုအကြောင်းသိထားသည့် မြို့ခံများထံမှ သိရသည်။
“အရင်ကတည်းက အိုးရှင်းက ဈေးကြီးလို့ ရှင်းရှင်းတို့၊ ဇွန်တို့နဲ့ အောက်ဈေး(မြို့မဈေး)ကိုပဲ ဝယ်လေ့ရှိတယ်။ အခုလိုဖြစ်ထားတော့ ပိုဆိုးတာပေါ့။ ကျွန်မအနေနဲ့တော့ လူ့အသက်တွေတိုင်း တန်ဖိုးရှိတာမလို့ သေချာလေး စစ်ဆေးစေချင်ပါသေးတယ်” ဟု တောင်ကြီးမြို့ခံ သက်လတ်ပိုင်းအရွယ်ရှိ အမျိုးသမီးတစ်ဦးက မှတ်ချက်ပေးပြောသည်။
ဆိုင်ခန်းပေါင်း ရာနဲ့ချီအပါအဝင် အထပ်အမြင့်အဆောက်အအုံကြီးသည် မြေအောက်ကြံ့ခိုင်မှုအားနည်းသည့်အတွက် စစ်ဆေးမှုများပိုမိုလုပ်သင့်ကြောင်း ပြောနေကြသော်လည်း ဆိုင်ခန်းရှင်အချို့ကလည်း ပြန်လည်ဖွင့်လှစ်နေကြပြီဟု သိရသည်။
ထိုသို့ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနက ပြန်လည်ဖွင့်လှစ်ခွင့်ပြုပြီဖြစ်ကြောင်း ကြေညာထားသော်လည်း City Mart Holding ကုမ္ပဏီဘက်ကတော့ မတ်လ ၂၉ ရက်နေ့ကတည်းကပိတ်ထားသည့် နေပြည်တော်၊ မန္တလေးနှင့် တောင်ကြီးတို့ရှိ ဈေးဝယ်စင်တာများကို ပြန်လည်ဖွင့်လှစ်ကြောင်း တရားဝင်မကြေညာသေးပေ။