By Sayar Ngaat / MPA
ငလျင်ကြောင့် မန္တလေးအိုးဘိုအကျဥ်းထောင်ရှိ အကျဉ်းသား ၃၀ ဦးကျော် သေဆုံးခဲ့မှုကို စစ်ကောင်စီက သတင်းအမှောင်ချထားကြောင်း နိုင်ငံရေးအကျဉ်းသားများကို အကူအညီပေးနေသည့် အဖွဲ့များထံမှ သိရသည်။
၂၀၂၅ခုနှစ်၊ မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် အိုးဘိုအကျဉ်းထောင်အတွင်းရှိ အဆောင်တချို့နှင့် အမျိုးသမီးဆေးရုံဆောင်များ ပြိုကျပျက်စီးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ဦးဆောင်တာဝန်ခံ ကိုသိုက်ထွန်းဦးက ပြောသည်။
” မန္တလေးအိုးဘိုအကျဉ်းထောင်ထဲမှာရှိတဲ့ အမျိုးသမီးအဆောင်၊ အဆောင် ၁၊ အဆောင် ၃၊ ပြီးတော့ အမျိုးသမီးဆေးရုံဆောင် တွေမှာလည်း အဆောက်အအုံပြိုကျမှုတွေ ဖြစ်ခဲ့ပါတယ်၊ အမျိုးသားအဆောင်တွေမှာလည်း အိပ်ဆောင်တွေ၊ တိုက်ဝန်း ၁ထဲမှာ ရှိတဲ့ တိုက်တွေ၊ အမျိုးသားအလုပ်ရုံအဆောင်က အဆောင်တွေ ပြိုကျခဲ့တဲ့ဖြစ်စဉ်တွေ ဖြစ်ခဲ့ပါတယ် ” ဟု ၎င်းက ပြောသည်။
အကျဉ်းဦးစီးဌာနမှ အကျဥ်းသားများ သေဆုံးမှုနှင့်ပတ်သက်၍ မိသားစုဝင်တချို့ကိုသာ အသိပေးခဲ့ပြီး အင်တာနက်လိုင်း၊ ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည့် ဒေသများနှင့် မန္တလေးမြို့မှ မဟုတ်သည့် မိသားစုဝင်များအနေဖြင့် သေဆုံးကြောင်း သိရှိရန် ခက်ခဲကြောင်း ကိုသိုက်ထွန်းဦးက ဆက်လက်ရှင်းပြသည်။
ထို့ပြင် အကျဉ်းသားများ သေဆုံးသည်ကို မသိသေးသည့် မိသားစုဝင်များလည်းရှိနေပြီး သေဆုံးကြောင်းသိရ သည့် မိသားစုဝင်များအနေဖြင့် ပြင်ပသို့ ထုတ်ဖော်ပြောရန် စိုးရိမ်နေမှုများလည်း ရှိနေကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားများကို အကူအညီပေးနေသည့် အဖွဲ့များထံမှ သိရသည့် အချက်အလက်များအရ အိုးဘို အကျဉ်းထောင်တွင် ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၈၀ဦးကျော်ရှိပြီး နိုင်ငံရေးအကျဥ်းသား ၁၀ဦး၊ နိုင်ငံရေး အကျဉ်းသူ ၁၀ဦးအပါအဝင် အကျဥ်းသူ/သားစုစုပေါင်း (၃၀) ဦးထက်မနည်း သေဆုံးခဲ့ကာ ပျက်စီးဆုံးရှုံးမှုသည် မြေပြင်တွင် ပိုမိုများပြားနိုင်သည့် အခြေအနေတွင်ရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် အိုးဘိုအကျဉ်းထောင်အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများ ပြင်ပသို့ မပေါက်ကြားစေရန်အတွက် အကျဉ်းထောင်အတွင်း ကန့်သတ်မှုများ ပြုလုပ်ကာ သတင်းအမှောင်ချလျက်ရှိကြောင်း ကိုသိုက်ထွန်းဦးက ဆိုသည်။
” ထောင်ထဲမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ပြင်ပကို မပေါက်ကြားဖို့ ၊ ထောင်အပြင်ကိုမရောက်ဖို့ စနစ်တကျကိုမှ ပိတ်ဆို့ထားတာကိုတွေ့ရပါတယ်။ အထူးသဖြင့်တော့ အဆောင်တစ်ဆောင်နဲ့ တစ်ဆောင် သတင်းပို့ဆောင်ခွင့်တွေ စကားပြောဆိုခွင့်တွေ၊ အမျိုးသမီးဆောင်နဲ့ အမျိုးသားဆောင်ကြားမှာ စကားပြောဆိုခွင့်တွေ၊ တွေ့ဆုံခွင့်တွေကန့်သတ်ထားတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို မိသားစုဝင်တွေနဲ့ ပေးမတွေ့တာတွေကိုလည်း သိရပါတယ်၊ ဒါဟာ ထောင်ထဲကသတင်းကို ပြင်ပမရောက်ဖို့ သတင်းအမှောင်ချထားတာလို့ သတ်မှတ်ပါတယ် ” ဟု ၎င်းက ပြောသည်။
” အကျဉ်းဦးစီးဝန်ထမ်းတွေက သတင်းအမှောင်ချတာရယ်၊ စစ်ကောင်စီရဲ့ဖိအားပေးမှုတွေကြောင့် အကျဉ်းဦးစီးဝန်ထမ်းတွေကအစ ထောင်ထဲမှာ နိုင်ငံရေး အကျဥ်းသူ၊အကျဥ်းသားတွေကို ဖိနှိပ်တာမျိုးတွေ ၊ ခြိမ်းခြောက်တာမျိုးတွေအထိ လုပ်ဆောင်နေတယ်ဆိုတာ ကြားသိရပါတယ် ” နိုင်ငံ ရေးအကျဉ်းသူများအဖွဲ့မှ ဦးဆောင်တာဝန်ခံ မဇူးဇူးမေယွန်းက ပြောသည်။
လက်ရှိ အကျဉ်းဦးစီးဌာနသည် ငလျင်လှုပ်ပါက အဆင်သင့်ဖြစ်ရန်ဟုဆိုကာ အကျဉ်းသားများကို အိုးဘိုအကျဉ်းထောင်အတွင်းရှိ အခန်းများ၌ သတ်မှတ်လူဦးရေထက်ကျော်လွန်ကာ စုပြုံထားရှိနေကြောင်းလည်း သိရသည်။
” အဆောင်တွေမှာတော့ တစ်ဆောင်နဲ့တစ်ဆောင် သွားလာခွင့်ကို ကန့်သတ်ထားတယ်။ ဆိုးဝါးတဲ့အဆောင်တွေမှာတော့ ဝန်ထမ်းတွေကို အမြဲ စောင့်ကြည့်ခိုင်းတာတွေကိုတော့ လုပ်နေတယ်။ နည်းနည်းငလျင်ဒဏ်ခံနိုင် လောက်မယ်လို့ ယူဆတဲ့အဆောင်တွေမှာ အကျဉ်းသားတွေကို စုပြုံထားတယ်။ လူတွေကိုစုပြုံထားပြီး နောက်ထပ် ငလျင်တွေသာ ကြီးကြီးမားမား လှုပ်မယ်ဆိုရင် အဲဒီအဆောင်တွေကလည်း ပြိုကျနိုင်တဲ့အခြေအနေပါ၊ ဘယ်အဆောင်၊ အခန်းကမှ ငလျင်ဒဏ်ကို ခံနိုင်ပါတယ်ဆိုတဲ့ အာမခံမှုမရှိလို့ အားလုံးအတွက်တော့ စိုးရိမ်ပူပန်မိပါတယ် ” အိုးဘိုအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ယခင်ကတည်းက လုံလောက်စွာဆေးဝါးစောင့်မှုမရရှိသည့် အိုးဘိုအကျဉ်းထောင်တွင် ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အကျဉ်းသားများသည် ဒဏ်ရာများကို ကိုယ့်စရိတ်ဖြင့်သာ ကုသနေကြရပြီး ဂွမ်း၊ ပတ်တီး၊ အရက်ပျံ စသည့် လိုအပ်ချက်များလည်း ဖြစ်ပေါ်နေလျက်ရှိ ကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ တစ်ရက်မှ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၉၀၃၀ဦးရှိပြီး လက်ရှိ အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသူ ၂၂၁၉၇ဦးရှိနေကြောင်းနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း-AAPP၏ စာရင်းများ၏အရ သိရသည်။