By Ra Wai / MPA
၁၅ ရက်တာ ပြုလုပ်ခဲ့သော အရေးပေါ်ငလျင်တုံ့ပြန်ရေးကမ်ပိန်းမှ ဘေးသင့်ပြည်သူများကို ကျပ် ၁ ဒဿမ ၆၅ ဘီလီယံခန့် ပံ့ပိုးနိုင်ခဲ့ကြောင်း နွေဦးဖွံ့ဖြိုးရေးဘဏ် SDB က သတင်းထုတ်ပြန်သည်။
မြေငလျင်သဘာဝဘေး၊ ထောက်ပံ့စာနာ ကူညီပေးကမ်ပိန်းကို မတ်လ ၂၈ ရက်မှ ဧပြီ ၁၁ ရက်အထိ ပြုလုပ်ခဲ့ပြီး ရရှိသည့် ထောက်ပံ့ငွေများအားလုံးကို NUG အစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန သို့ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း SDB အလုပ်အမှုဆောင်အရာရှိကယ်လ်ဗင်က ယနေ့ (ဧပြီ ၁၂ ရက်) ထုတ်ပြန်သည်။
“ဒါဟာ လောကဓံကို ရင်ဆိုင်ဖြေရှင်းရာမှာ စည်းလုံးညီညွတ်မှုနှင့် သက်လုံကောင်းမှုကို မီးမောင်းထိုးပြတဲ့ အကောင်းဆုံးဥပမာအဖြစ် ဆိုနိုင်ပါတယ်”ဟု ၎င်းကပြောသည်။
ပြည်သူတို့၏ ကရုဏာနှင့် ရက်ရောမှုကြောင့် အရေးပေါ်လိုအပ်နေသော မိသားစုများအတွက် မရှိမဖြစ် အရင်းအမြစ်များ ဖြစ်သည့် ရေသန့်၊ အစားအသောက်၊ ဆေးဝါးနှင့် အမိုးအကာတို့ကို ဖြည့်တင်းပေးနိုင်ရုံသာမက စည်းလုံးညီညွတ်မှုအင်အားအဖြစ် သတင်းစကားလည်း ပျံ့နှံ့စေကြောင်း ၎င်းကဆက်လက်ပြောသည်။
“၁၅ရက်တာအချိန်အတွင်း ဒီလောက်များပြားတဲ့ငွေတွေ ရရှိတာဟာ ပြည်သူတို့ရဲ့ စည်းလုံးမှု၊ ပြည်သူ-ပြည်သူချင်း ရိုင်းပင်းရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ NUGအစိုးရအပေါ် ပြည်သူတွေရဲ့ ယုံကြည် မှုကို ဖော်ပြနေပါတယ်။ဒီငွေတွေဟာ နိုင်ငံတကာအထောက်အပံ့ ရရှိမှုအားနည်းနေတဲ့ တော်လှန် ရေးထိန်းချုပ်နယ်မြေထဲက ငလျင်ဘေးသင့်ပြည်သူတွေဆီ အဓိကစီးဝင်မယ်လို့ ထင်ပါတယ်”ဟု ၂၀၂၀ရွေးကောက်ခံ မန္တလေးတိုင်းလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက MPAသို့ပြောသည်။
ဧပြီနှစ်ရက်မှ ရှစ်ရက်ထိ ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် မန္တလေး ၊ ပဲခူး ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ စစ်ကိုင်းနှင့် နေပြည်တော်အတွင်းရှိ စုစုပေါင်း ၃၁ မြို့နယ်တွင် ငွေကျပ် သိန်းတစ်သောင်းကျော် ကူညီထောက်ပံ့ခဲ့ကြောင်း NUG အစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။