By Poesangle / MPA
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် နေအိမ်များ ပြန်လည်ပြုပြင်ရန်အတွက် လက်သမားပင်ငှားမရဖြစ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
မတ် ၂၈ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် အင်းလေးဒေသရှိ ကျေးရွာ ၂၈ရွာခန့် ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ်များပြန်လည်ပြုပြင်ရန် လိုအပ်နေခြင်းလည်းဖြစ်သည်။
“ မြေပြင်အခြေအနေကတော့ နေဖို့နေရာ အရမ်းလိုအပ်နေတယ်။ ဘုန်းကြီးကျောင်းတွေလည်း ပျက်စီးနေတော့ နေစရာမလောက်ဘူး။ စားစရာတွေကတော့ အလှူရှင်တွေ လာလှူတာရှိသလို၊ ပြည်သူအချင်းချင်းလည်းကူညီနေကြတယ်။ အခုလိုအပ်တာက ငွေကြေး၊ အိမ်ဆောက်ပစ္စည်း၊ အိမ်တွေပြန်ပြင်ဖို့ နည်းပညာကျွမ်းတဲ့ လက်သမားတွေလိုအပ်နေတာပါ၊ ဒေသခံတွေရဲ့ နေအိမ်က ရေပေါ်ဆောက်ထားတာဆိုတော့ ကျွမ်းကျင်တဲ့ လက်သမားလိုနေတာ” ဟု အင်းလေးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
အင်အားပြင်းငလျင်ကြောင့် အင်းလေဒသ၌ ပြည်သူ ၂၀၀ကျော် သေဆုံးခဲ့ပြီး နေအိမ် သုံးထောင်နီးပါး ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်သည်။
လက်ရှိ ငလျင်ဘေးသင့်ထားသည့် အင်းလေးဒေသခံများအတွက် ယာယီတဲများဆောက်လုပ်ပေးရန် အိမ်ဆောက်ပစ္စည်းများ၊ ဝါးလုံးနှင့် သစ်များလိုအပ်နေကာ ယာယီတဲတစ်လုံး ကုန်ကျစရိတ် ကျပ်ငါးသိန်းနီးပါးရှိကြောင်း သိရသည်။



“ ပြန်လည် ထူထောင်ရေးအတွက်တော့ လိုအပ်ချက်အများကြီးရှိသေးတယ်။ ငလျင်ဘေးသင့်တဲ့သူတွေက နေစရာမရှိဘဲ အဆင်ပြေတဲ့နေရာမှာ အစုလိုက်အပြုံလိုက် နေရတဲ့အခါ ဆေးဝါးတွေလိုအပ်တယ်။ အချို့ဆိုရင် နေမကောင်းတဲ့သူတွေရှိသလို နာတာရှည်ရောဂါ သမားတွေလည်းရှိတယ်။ ဆေးဝါးလိုအပ်မှုကတော့ အဓိကပေါ့ ” ဟု ငလျင်ဒဏ်သင့်ခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
အင်းလေးဒေသရှိ လက်သမားအများစုသည် သက်ကြီးရွယ်အိုများဖြစ်ပြီး လူငယ်များသည်လည်း စစ်မှုထမ်းဖြင့် ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့သဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ပြေးသူများပြားနေသည့်အတွက် လက်သမားရှားပါးနေရခြင်းလည်းဖြစ်သည်။
“ အလှူရှင်တွေတော့ လာတယ်။ ဒါပေမဲ့ ပြန်လည်ထူထောင်ဖို့တော့ အချိန်အကြာကြီးယူရအုန်းမယ်ပေါ့၊ အခုလောလောဆယ် ပြန်လည်ထူထောင်ရေးအတွက် မလုပ်နိုင်သေးဘူး ” ဟု အင်းလေးဒေသအတွင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။
အင်းလေးဒေသည် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဒေသတစ်ခုဖြစ်ပြီး ဒေသခံများအနေဖြင့် စိုက်ပျိုးရေး၊ လက်မှုနှင့် ချည်ထည်လုပ်ငန်းများဖြင့် အသက်မွေးကြကာ ငလျင်ကြောင့် အဆိုပါလုပ်ငန်းများ ပြန်လည် လည်ပတ်ရန်လည်း အချိန်ကြာမြင့်အုန်းမည်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် မတ် ၂၈ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ ရှမ်းပြည်နယ်၊ ပဲခူး၊ နေပြည်တော် အစရှိသည့် မြို့များအပါအဝင် မြို့ ၆၀ထက်မနည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကာ၊ ပြည်သူလေးထောင်နီးပါး သေဆုံးခဲ့ရသည်။