By Hsu Yee / MPA
ကိုရီးယားနိုင်ငံ၏ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များကို စစ်ကောင်စီလက်သို့ တိုက်ရိုက်ပေးအပ်မည်မဟုတ်ဟု ကိုရီးယား လွှတ်တော်အမတ် အီယုန်ဆွန်းက ပြောသည်။
ဧပြီ ၁၀ရက်၊ ကိုရီးယားလွှတ်တော်တွင် ပြုလုပ်သည့် မြန်မာ့အရေးကြားနာပွဲ၌ ကိုရီးယားလွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီဝင်၊ လွှတ်တော်အမတ် အီယုန်ဆွန်းက ယင်းသို့ပြောကြားခဲ့ပြီး င လျင် ဘေးသင့်ပြည်သူများလက်သို့ ရောက်ရှိအောင် နိုင်ငံတကာအ ဖွဲ့အစည်းများမှတစ်ဆင့် ပေးအပ် မည်ဖြစ်ကြောင်းနှင့် ကိုရီးယားအစိုးရသည် မြန်မာနိုင်ငံတွင် အာဏာသိမ်းရန်ကြိုးပမ်းမှု ဖြစ်စဉ်က တည်းက ချမှတ်ထားသော နိုင်ငံခြားရေး မူဝါဒအတိုင်း ဆက်လက် ရပ်တည်နေကြောင်းလည်း ဆိုသည်။
“စစ်ကောင်စီလက်ထဲ ငလျင်အကူအညီတွေ တိုက်ရိုက်မပေးကြတဲ့အပေါ် ကြိုဆိုပါတယ်။အခု မြန်မာနိုင်ငံမှာ ကူနေတဲ့ နိုင်ငံတကာအဖွဲ့တွေကရော တော်လှန်ရေးနယ်မြေထဲက ငလျင်ဒဏ်ခံ ထား ရတဲ့ ပြည်သူတွေကို ကူညီပေးနိုင်မလားဆိုတာကိုလည်း မေးခွန်းထုတ်ရပါမယ်။စစ်တပ်က နိုင်ငံတ ကာအဖွဲ့တွေကို တော်လှန်ရေးနယ်မြေထဲ ဝင်အကူမခံရင် ဘယ်လိုလုပ်ကြမလဲဆိုတာလည်း ပြင် ဆင်ထားဖို့ လိုပါမယ်”ဟုရန်ကုန်အခြေစိုက်နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPA သို့ပြောသည်။
မြန်မာနိုင်ငံ၌ ဒီမိုကရေစီ တော်လှန်ရေးကြောင့် ပင်ပန်းနေရသည့်အချိန်တွင် ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးရသည့်အပေါ် များစွာ စိတ်မကောင်း ဖြစ်ရပြီး စာနာပါကြောင်း၊ ဒီမိုကရေစီပြန်လည် ဖော်ဆောင်ရေးအတွက် မြန်မာနိုင်ငံသားများနှင့်အတူ ရှိနေမည် ဖြစ်ကြောင်းနှင့် ကိုရီးယားနိုင်ငံရှိ မြန်မာနိုင်ငံသားများအား ကာကွယ်စောင့်ရှောက်မှု ပေးရန်အတွက်လည်း တက်ကြွစွာ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ကိုရီးယား လွှတ်တော်အမတ် အီယုန်ဆွန်းက ထပ်လောင်းပြောကြားခဲ့သည်ဟု NUG-Representative Office-Republic of Korea က သတင်း ထုတ်ပြန်သည်။

ပုံစာ-မြန်မာ့အရေး ကြားနာပွဲ။

ပုံစာ-မြန်မာ့အရေး ကြားနာပွဲ။
ယင်းကြားနာပွဲတွင် အာဏာသိမ်း လေးနှစ်တာအတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှု များ၊ NUG နှင့် တိုင်းရင်းသားအင်အားစုများ၏ စိုးမိုးအုပ်ချုပ်ထားနိုင်မှု အခြေအနေ၊ စစ်ကိုင်းငလျင် ကြီး ကြောင့် ပျက်စီးဆုံးရှုံးမှု၊ NUG၏ ကူညီကယ်ဆယ်ရေး လုပ်ဆောင်မှုများ၊ စစ်ကောင်စီ၏ ငလျင် ဖြစ်စဉ်အတွင်း လေကြောင်း တိုက်ခိုက်မှု၊စသည်တို့ကို NUGအစိုးရ ၊လူ့အခွင့်အရေးဆိုင်ရာဝန် ကြီး ဌာန ဝန်ကြီး ဦးအောင်မျိုးမင်းက ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်ပြီးဦးအောင်မျိုးမင်းက စစ်အုပ်စုနှင့် ပူးပေါင်းနေသော ရင်းနှီးမြှုပ်နှံမှုများကို ပိတ်ပင်ရန်၊ စစ်လက်နက်နှင့် လေယာဉ်ဆီ အပါအဝင် နည်းပညာ ထောက်ပံ့ခြင်းများကို ပိတ်ပင်ရန်၊ စစ်ကောင်စီ ကို သံတမန်ရေးအရ မဆက်ဆံရန်၊ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုရန်၊ လူသားချင်းစာနာမှု အထောက်အပံ့များကို စစ်အုပ်စုနှင့် ပူးပေါင်းခြင်း မပြုဘဲ NUG နှင့် ဒေသခံများ မှတစ်ဆင့် ပေးအပ်ရန်၊ ကိုရီးယားရောက် မြန်မာနိုင်ငံသားများကို အကာအကွယ်ပေးရန်နှင့် စစ်အုပ်စု၏ နိုင်ငံတကာ ရာဇဝတ်မှုများကို နိုင်ငံတကာ၌ တရားစွဲဆိုရာတွင် ပါဝင်လုပ်ဆောင်ပေးရန် တိုက်တွန်းခဲ့သည်။
မြန်မာ့အရေးကြားနာပွဲသို့ကိုရီးယားလွှတ်တော် နိုင်ငံခြားရေးရာကော်မတီဝင် အီယုန်ဆွန်း ဦးဆောင်ကာ ဒီမိုကရက်ပါတီ အမတ်များဖြစ်သည့် ဂျိုဂျောင်ရှိ၊ ဆောယောင်ဆော့ဂ်၊ ဘတ်ဟုန်းဘဲ၊ အီဂန်အီးလ်၊ ချာဂျီဟိုး နှင့် တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဝန်ကြီး ဦးအောင်မျိုးမင်းသည် NUGအစိုးရ၏ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း နှင့်အတူ ကိုးရီးယားလွှတ်တော်အမတ်များ၏ ဖိတ်ကြားမှုအရ တက်ရောက်ခဲ့ကြကြောင်း သိရသည်။