By Zwe Ko / MPA
ပြီးခဲ့သည့် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ဧရာ၀တီမြစ်ကမ်းပါးများ ပြိုကျနိုင်သည့် အခြေအနေဖြစ်ပေးနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ငလျင်ကြောင့် သာသနိကအဆောက်အအုံများ၊ လူနေအိမ်အများအပြား ပျက်စီးခဲ့ရသည့်အပြင် နောက်ဆက်တွဲအနေဖြင့် မြစ်ကမ်းနံဘေးရှိ မြေသားများလည်း အက်ကွဲကြောင်းများဖြစ်ပေါ်နေကာ ပြိုကျနိုင်သည့် အနေအထားဖြစ်နေကြောင်း အသက် ၅၀ အရွယ် စစ်ကိုင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ငလျင်တွေကလည်း မငြိမ်သေးဘူး လှုပ်နေတုန်းပဲ၊ အားနည်းနည်းပြင်းပြင်းလှုပ်ရင် အဲဒီ ကမ်းပါးတွေက ပြိုကျမှာ၊ ရေချိုးနေတုန်းကမ်းပါးတွေပြိုကျရင် အသက်အန္တရာယ်ဖြစ်နိုင်တယ် ”ဟု ထိုအမျိုးသားက ပြောသည်။
အင်အားပြင်းငလျင်ကြီးကြောင့် စစ်ကိုင်းမြို့တွင် လျှပ်စစ်မီးပြတ်တောက်နေမှုကြောင့် မြေအောက်ရေ တင်လို့မရသည့်အပြင် ကန်ရေများလည်း မရှိတော့သည့်အတွက် ဧရာ၀တီမြစ်ရေကို အဓိက အားထားနေရကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။




ငလျင်ဘေးသင့်ထားသည့် စစ်ကိုင်းမြို့ခံများကို ပရဟိတအဖွဲ့မျးက သောက်သုံးရေးလှူဒါန်းနေသည့်အတွက် အဆင်ပြေသော်လည်း သုံးရေအတွက် အခက်အခဲဖြစ်နေကြောင်း စစ်ကိုင်းမြို့၊ ထူပါရုံလမ်းတွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“ ဧရာ၀တီမြစ်ရေကိုပဲ အဓိကအားထားနေရတာ၊ ရေချိုးလည်း အဲ့ဒီမှာ သွားချိုးရတယ်။ အိမ်မှာ သမီးပျိုလေးတွေရှိတော့ မြစ်ဆိပ်သွားချိုးရတော့ အခက်အခဲဖြစ်တာပေါ့၊ မီးကလည်းမလာတော့ မဖြစ်မနေသွားချိုးရတာပဲ၊ အမတို့ရပ်ကွက်တင်မဟုတ်ဘူး။ အခြားမြစ်ကမ်းဘေးနဲ့နီးတဲ့သူအကုန်လာချိုးရတာ” ဟု ၎င်းက ရှင်းပြသည်။
ငလျင်မလှုပ်ခတ်မီက ဧရာမြစ်ရေကို ပိုင်လိုင်းများဖြင့် သွယ်တန်းပြီး သုံးရေအတွက် အသုံးပြုနေခြင်းဖြစ်သော်လည်း ငလျင်လှုပ်ခတ်ပြီးနောက် လျှပ်စစ်မီးပြတ်တောက်သည့်အပြင် ပိုက်လိုင်းများပါ ပျက်စီးမှုကြောင့် သုံးရေအခက်အခဲဖြစ်နေရကြောင်း ထူပါရုံလမ်းနေ အသက် ၄၀ အရွယ်အမျိုးသားတစ်ဦးက ပြောသည်။
“ တော်တော်တော့ဒုက္ခရောက်တယ်။ အချို့ဆို ရေမကူးတတ်တော့ မြစ်ထဲမဆင်းရဲဘူး။ အခုရေပြတ်တော့ ရေမကူးတတ်လည်း မြစ်ထဲဆင်းချိုးရတာပဲ၊ ရေပြန်ရဖို့က အချိန်စောင့်ရအုန်းမယ်ထင်တယ်” ဟု ၎င်းက ဆိုသည်။
ဧရာ၀တီမြစ်ကမ်းပါးများ ပြိုကျနိုင်သည့် အခြေအနေဖြစ်နေသော်လည်း သုံးရေအခက်အခဲရှိနေခြင်းကြောင့် ပြည်သူများသည် မြစ်ဆိပ်သို့လာရောက်ကာ ရေချိုးနေရကြောင်း၊ လူငယ်များအတွက် အခက်အခဲမရှိသော်လည်း သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးမကောင်းသူများ မြစ်ဆိပ်သို့လာရန် ခက်ခဲနေကြောင်း အသက် ၃၀ အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ ကမ်းနံဘေးက မြေသားတွေက အကုန်ကွဲအက်နေတာ၊ ဘယ်အချိန်ပြိုမှန်းမသိရဘူးလေ ၊ အဲ့ဒီတော့ လူကြီးတွေအတွက် အတော်ဒုက္ခရောက်ရတယ်။ ပြိုကျရင်လဲ ပိတာတွေဘာတွေဖြစ်နိုင်တယ် ” ဟု ၎င်းက ပြောသည်။
မတ် ၂၈ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် စစ်ကိုင်းမြို့၏ ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ပြီး သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရှိသူလည်း ထောင်ဂဏန်းခန့်ရှိကြောင်း ဒေသခံများက ဆိုသည်။
လက်ရှိ စစ်ကိုင်းမြို့ ပြန်လည်ထူထောင်ရေးအတွက် အကူအညီများလည်းလိုအပ်လျက်ရှိသည်။