By Ra Wai / MPA
ယနေ့ (ဧပြီလ ၁၁ ရက်) နံနက် ၁၀ နာရီ ၅၉ မိနစ်ခန့်တွင် မန္တလေးတိုင်း၊ သာစည်မြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ချ်တာစကေး ၅ဒဿမ၅ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ကြောင်း NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
တစ်ပတ်တာအတွင်း ရစ်ချ်တာစကေးငါးနှင့်အထက် နောက်ဆက်တွဲငလျင်ဖြစ်ပေါ်နိုင်ခြေ ၄၂ရာခိုင်နှုန်းရှိပြီး သုံးကြိမ်အထိ လှုပ်နိုင်ကြောင်း အမေရိကန်ဘူမိဆိုင်ရာ သုတေသနအဖွဲ့ (USGS)အဖွဲ့က ခန့်မှန်းထားသည်။
“၂၈ရက်(မတ်၂၈ရက်)က ငလျင်ကြီး လှုပ်ပြီးတော့ နောက်ဆက်တွဲထပ်လှုပ်နေတာ နေ့တိုင်းလှုပ်နေ တယ်။မန္တလေးမှာ ငလျင်ကြီးကြောင့် မပြိုပေမဲ့ ဒဏ်ရာဒဏ်ချက်ရှိခဲ့တဲ့တိုက်တချို့ နောက်ဆက်တွဲ ငလျင်ကြောင့် ပြိုတာတွေလည်း ရှိတယ်။လတ်တလော ငလျင်အတွေ့အကြုံတွေအရ ပြောရရင် အင် အား၅ နဲ့အထက် ငလျင်ထပ်လှုပ်ရင် ဒဏ်ဖြစ်နေတဲ့တိုက်တွေ ထပ်ပြိုနိုင်တယ်”ဟု ငလျင်ဘေးသင့် ပြည်သူများကို ကူညီပေးနေသည့် မန္တလေးမြို့ခံတစ်ဦးက MPA သို့ပြောသည်။
ထို့အပြင် ဧပြီ ၁၁ရက်မှ ၁၆ရက်အထိ ရစ်ချ်တာစကေးခြောက်နှင့်အထက်ရှိ နောက်ဆက်တွဲငလျင် ဖြစ်ပေါ်နိုင်ခြေ ခြောက်ရာခိုင်နှုန်းရှိပြီး တစ်ကြိမ် လှုပ်ခတ်နိုင်ကြောင်း အင်အားလေးနှင့်အထက်ရှိ နောက်ဆက်တွဲငလျင် ဖြစ်နိုင်ခြေ ၉၉ရာခိုင်နှုန်းရှိပြီး ၁၆ကြိမ်အထိ လှုပ်နိုင်ကြောင်းလည်း USGS က ခန့်မှန်းထားသည်။
ရစ်ချ်တာစကေး သုံးနှင့် အထက် နောက်ဆက်တွဲငလျင် ဖြစ်ပေါ်နိုင်ခြေ ၉၉ ရာခိုင်နှုန်းအထိရှိပြီး ၁၂ ကြိမ်မှ အကြိမ် ၁၆၀ အထိ လှုပ်ခတ်နိုင်ကြောင်းလည်း USGS က ခန့်မှန်းထားသည်။
မတ်လ၂၈ရက်လှုပ်ခတ်ခဲ့သော ငလျင်ကြီးနှစ်ခုအပါအဝင် နောက်ဆက်တွဲငလျင်များ နေ့စဉ်လှုပ် လျက်ရှိရာ ယနေ့(ဧပြီ၁၁ရက်)နံနက် ကိုးနာရီကျော်အထိ ၁၁၆ကြိမ် လှုပ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇ လဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။