By Hsu Yee/MPA
စစ်ကောင်စီထိန်းချုပ်ထားသည့် မန္တလေးနှင့် နေပြည်တော်ရှိ ငလျင်ဘေးသင့်ပြည်သူများကို မြေပြင်အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ လှူဒါန်းနေကြောင်း NUGအစိုးရက သတင်းထုတ်ပြန်သည်။
ဧပြီ တစ်ရက်မှစတင်ကာ ငလျင်ဘေးဒဏ်ခံခဲ့ရသည့် မြို့နယ်များရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့များနှင့် တွေ့ဆုံ၍ မြေပြင်လိုအပ်ချက်များကို ဆွေးနွေးပြီးနောက် လှူဒါန်းမှုများ စတင်ဆောင်ရွက်ခဲ့ကြောင်း NUGအစိုးရ၊လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနမှ သိရသည်။
“ ဒီ နေပြည်တော်နဲ့ မန္တလေးကို ထောက်ပံ့မှုက MOD(ကာကွယ်ရေးဝန်ကြီးဌာန) နဲ့တွဲဖက်ပြီးတော့ ပေါ့နော်။ မြေပြင်ကို ချိတ်ဆက်ထောက်ပံ့နေတာ ဖြစ်ပါတယ်။စိုးမိုးဒေသလို့ မပြောနိုင်ပေမယ့် ကျတော်တို့ လက်လှမ်းမီပြီးတော့မှ ချိတ်ဆက်ထောက်ပံ့လို့ ရတဲ့နေရာတွေအားလုံးကို ကျတော်တို့ ထောက်ပံ့ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟုNUGအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန မှတာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
NUGအစိုးရ စိုးမိုးဒေသများရှိ ငလျင်ဘေးသင့်ပြည်သူများကို တစ်အိမ်ထောင်လျှင် ကျပ်သုံးသိန်းနှုန်း ထောက်ပံ့ထားပြီး ဆက်လက်ထောက်ပံ့ရန်လည်း စီစဉ်နေကြောင်း သိရသည်။
” လက်ခံရရှိတဲ့ အလှူငွေပေါ် ကျတော်တို့တွက်ချက်ပြီးတော့ ထောက်ပံ့မှုတွေ ဆောင်ရွက်တဲ့နေရာ မှာ ထိခိုက်ခံခဲ့ရတဲ့ တိုင်းနဲ့ပြည်နယ်ဒေသ ငါးခုကို ကျတော်တို့ ထောက်ပံ့ထားတာရှိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် အိမ်ထောင်စုပေါင်း ၄၈၃၄ စုကိုထောက်ပံ့ခဲ့ပြီးဖြစ်ကာ မြေပြင်လိုအပ်ချက်အရ ပစ္စည်းလှူဒါန်းမှုများလည်း ရှိကြောင်းသိရသည်။
“ လတ်တလော ကျတော်တို့လှူဒါန်းမှုတွေက ငွေသားကို အဓိကပေးပြီးတော့ လှူဒါန်းပါတယ်။ နေအိမ် ပျက်စီးသွားတဲ့ အိမ်ထောင်စုတွေအတွက်ပေါ့နော်။ အရေးပေါ်အမိုးအကာအတွက်ဆိုရင် တာပေါ်လင်စတွေကို လှူဒါန်းတာရှိတယ်။ပြီးတော့ လျှပ်စစ်မီးလိုအပ်ချက်အရ ဆိုလာမီးရရှိရေး အတွက်ကိုလည်း သက်ဆိုင်ရာပေါ့နော်၊ လမ်းကြောင်းကနေ ချိတ်ဆက်ပြီးတော့မှ ထောက်ပံ့လှူဒါန်း သွားဖို့လည်း ရှိပါတယ်” ဟု ၎င်းကပြောသည်။
ဧပြီနှစ်ရက်မှ ရှစ်ရက်ထိ ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် မန္တလေး ၊ ပဲခူး ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ စစ်ကိုင်းနှင့် နေပြည်တော်အတွင်းရှိ စုစုပေါင်း ၃၁ မြို့နယ်တွင် ငွေကျပ် သိန်းတစ်သောင်းကျော် ကူညီထောက်ပံ့ခဲ့ကြောင်း NUGအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
စာတည်း-ML