By Mg Dagon / MPA
သမိုင်းဝင် စစ်ကိုင်းငလျင်ကြောင့် မန္တလေးနှင့် အင်းဝရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်အတွင်း ယခင်ကမရှိခဲ့သည့် နှစ်ထပ်စေတီသစ် ၁၃ ဆူနှင့် သုံးထပ်လှိုဏ်ဂူဘုရား ငါးဆူအထိ ပေါ်ထွက်လာကြောင်း စစ်ကောင်စီလက်အောက်ခံ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
ငလျင်ကြောင့်ထိခိုက်ပျက်စီးမှုစာရင်းကို စနစ်တကျကောက်ယူခဲ့ရာမှ ထိုသို့ တွေ့ရှိရခြင်းဖြစ်သည်ဟု ယနေ့ ( ဧပြီ ၁၀ ရက် )နေ့လယ်ပိုင်းတွင် စစ်ကောင်စီသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ခံဌာနက ထုတ်ပြန်သည်။
ယခင်က အင်းဝရှေးဟောင်းသုတေသနဇုန်အတွင်း ဘုရား၊ စေတီ၊ အုတ်ကျောင်းများစွာရှိသည်ကို စာရင်းကောက်ယူရရှိထားသော်လည်း မျက်မြင်အနေအထားအရ နှစ်ထပ်စေတီမရှိခဲ့ကြောင်း စစ်ကောင်စီရှေး/သုဌာနက ပြောသည်။
ပြိုပျက်နေသော စေတီများအတွင်းမှ မူလစေတီငယ်ကို ငုံပြီးတည်ထားသည့် နှစ်ထပ်စေတီများကို သောတပန်ဘုရားအနီး အမှတ် ၉၃ စေတီတွင် တစ်ဆူ၊ ဒေါ်ဂျမ်းဘုရားစုအတွင်း အမှတ် ၃၁၆ နှင့် ၃၁၈ တွင် နှစ်ဆူ၊ အမှတ် ၂၁ ကြေးနီမုဌောတွင် တစ်ဆူ၊ မြသိန်းတန်ဘုရားအနီး ကိုစံငွေ ယာခင်းအနီးတွင် တစ်ဆူ၊ မင်္ဂလာရပ် ကျောဘက်ဦးထွန်းနိုင်ယာခင်းအနီးတွင် နှစ်ဆူ၊ ရှင်ပင်ခရေသီးတွင် တစ်ဆူ၊ အနောက်ရိပ်သာဝင်းတွင် တစ်ဆူ၊ ပုလိပ်ဘုရားစုတွင် တစ်ဆူ၊ ကျောက်ဆည်မြို့၊ အင်ရောင်းဘုရားစုတွင် တစ်ဆူ၊ မန္တလေးမြို့၊ ကျောက်ဆည်မြို့နယ်၊ တောတွင်ရွာတွင် တစ်ဆူ၊ မန္တလေးမြို့၊ ဘုရားနီဘုရားတွင် တစ်ဆူ စုစုပေါင်း (၁၃)ဆူကို စိစစ်တွေ့ရှိခဲ့ကြောင်း အဆိုပါဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် သုံးထပ်လိုဏ်ဂူဘုရားများကို ပင်းယတွင် တစ်ဆူ၊ မြစ်ငယ်တွင် သုံးဆူ၊ စာတိုး မြို့ပြင်ကြီးတွင် တစ်ဆူ စုစုပေါင်း ငါးဆူကို တွေ့ရှိခဲ့ရသည်ဟု သိရသည်။
အင်အားပြင်း စစ်ကိုင်းငလျင်ကြောင့် အင်းဝရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်အတွင်း သမိုင်းဝင် အမွေအနှစ်အဆောက်အအုံ ၇၅ ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီးခဲ့ရသည်ဟု ယင်းဌာနက ဆိုသည်။
ရှေးဟောင်းသုတေသနပညာရှင် ကိုဇေမျိုးလင်းကတော့ ငလျင်များ ဆက်တိုက်လှုပ်ခတ်နေသေးသည့်အတွက် ရှေးဟောင်းအဆောက်အဦများထက် လူများကိုသာ အလျင်မြန်ဆုံးကယ်ထုတ်ရန် ၎င်း၏ တရားဝင်လူမှုကွန်ရက်မှတစ်ဆင့် ဧပြီ နှစ်ရက်နေ့က တိုက်တွန်းပြောကြားထားသည်။
“အကောင်းဆုံးကတော့ ဘုရားပြို၊ ကျောင်းပြို၊ ဇရပ်ပြိုတွေကို ဘာမှမလုပ်ပါနဲ့ဦး။ ရှေးဟောင်းအဆောက်ဦးဆိုတာ ပြိုသင့်သလောက်ပြိုပြီးရင် ကျန်တဲ့အပိုင်းဟာ ခိုင်ပါသေးတယ်လို့ ပြောလို့ရတယ်။ မှီနေတာ၊ ထောက်နေတာ၊ အပြိုအပျက်ပစ္စည်း(debris)တွေနဲ့ ကြပ်/ညှပ် နေတာတွေရှိတတ်ပါတယ်။ ဒီအတိုင်းထားလိုက်ပါ။ နောက်ထပ် ငလျင်ငယ်တွေ လာနိုင်သေးတာကြောင့် သွားပြီးရှင်းလိုက်တာက လူအတွက်ရော၊ အဆောက်အဦအတွက်ရော အန္တရာယ်ပိုများပါတယ်။ ပထမဆုံးလုပ်ရမှာက အပျက်စီးပုံတွေထဲ လူတွေ/ကလေးတွေ ဝင်မလာနိုင်အောင် ယာယီကာရံထားသင့်ပါတယ်။ သတိပေး ဆိုင်းဘုတ်လေးတွေ ထောင်ထားသင့်ပါတယ်” ဟု ကိုဇေမျိုးလင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ အကြံပြုပြောကြားထားသည်။
လက်ရှိအချိန်အထိ ပြိုကျအဆောက်အအုံများအောက် ပိတ်မိနေသူများ ငလျင်ဒဏ်သင့်ဒေသများတွင် အများအပြားကျန်ရှိနေသေးသည့်အချိန်တွင် ရှေးဟောင်းစေတီများအရေး လုပ်ဆောင်နေမှုကို ငလျင်ဒဏ်သင့်ပြည်သူများက ဝေဖန်နေကြသည်။
“မယောင်ရာ ဆီလူးနေကြသူတွေလို ဖြစ်နေကြတယ်။ ကျမတို့ဆီမှာ ပိတ်မိနေသူတွေအများကြီးကျန်နေသေးတယ်။ အခုထိ Sky Villa ကွန်ဒိုအောက်မှ မဖော်နိုင်သေးတဲ့ လူတွေ ရာနဲ့ရှိနေသေးတယ်။ အဲဒီလိုနေရာတွေကို ဦးစားပေး ပိုလုပ်ပေးသင့်ပါတယ်” ဟု မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး ငလျင်ဒဏ်ပြန်လည်ထူထောင်ရေးကို လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းကပင် ‘မန္တလေးငလျင်ကြီး’ ဟု ခေါ်ဝေါ်သုံးစွဲရန် အမိန့်ထုတ်ခဲ့သည့် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
စစ်ကောင်စီရှေး/သု၏ ယနေ့ထုတ်ပြန်ချက်အတွင်း ပဏာမကွင်းဆင်းစစ်ဆေးချက်အရ မန္တလေးမြို့၊ ၈၁ လမ်းပေါ် ၂၁ x ၂၂ လမ်းအကြားရှိ ဘုရားနီဘုရားမှာ ငလျင်ဒဏ်ကြောင့် အပေါ်ယံအုတ်များကွာကျ၍ အတွင်းတွင် အင်းဝခေတ်နှောင်းပိုင်းကတည်းက တည်ထားခဲ့သည်ဟု ယူဆရသော စေတီရှိပြီး ၎င်းစေတီအား အမရပူရခေတ်တွင် တစ်ကြိမ် ထပ်မံငုံ၍ တည်ထားသည်ကို တွေ့ရှိရသည်ဟု ဆက်ပြောထားသည်။
ထို့အပြင် အင်းဝဒေသတွင်လည်း ပထမအင်းဝခေတ်၌ တည်ထားခဲ့သော ဘုရား ကိုးဆူအနက် အချို့ ဘုရားများသည် ညောင်ရမ်းခေတ်တွင် ဒုတိယအကြိမ်ငုံ၍ ထပ်မံမွမ်းမံပြင်ဆင်ထားသည်ကို လည်းကောင်း၊ အချို့သည် ပထမအင်းဝခေတ်နှောင်းပိုင်းတွင်ပင် ထပ်မံငုံ၍ မွမ်းမံပြင်ဆင်ထားသည်ကိုလည်းကောင်း ကနဦးစစ်ဆေးတွေ့ရှိကြောင်း အဆိုပါဌာနက ဆိုထားသည်။
အလားတူ မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ရတနာပူရ အင်းဝမြို့ဟောင်း စည်တိုပုံ မြို့ရိုး၏ အပြင်ဘက် အရှေ့မြောက်ထောင့်တွင် ရေနန်းတော်တွေ့သည်ဟုဆိုကာ ပြီးခဲ့သည့် ဧပြီ ခြောက်ရက်နေ့ကစတင်၍ စစ်ကောင်စီသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက တူးဖော်ခဲ့ကြသည်။
ထို့နောက် ဧပြီ ရှစ်ရက်နေ့တွင် ယင်းဌာနက တွေ့ရှိချက်ကို သတင်းထုတ်ပြန်ခဲ့ရာ ရေနန်းတော်ထက် ရေနန်းဆောင်ဟုသာ သုံးနှုန်းသင့်ကြောင်း ဆိုသည်။
စာတည်း-ကိုဆန်း