By Ra Wai / MPA
ငလျင်ဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ရုပ်အလောင်းရှာဖွေ တွေ့ရှိမှု လျော့နည်းလာကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဧပြီ ရှစ်ရက်က ၄၁လမ်း၊ ၈၃လမ်းနှင့် ၈၄လမ်းကြားရှိ Win Star Hotel ပြိုကျမှုမှ အမျိုးသားတစ်ဦး၊ အောင်မြေသာစံမြို့နယ် Sky Villa အဆောက်အအုံပြိုကျမှုမှ အမျိုးသားနှစ်ဦးနှင့် ကလေးငယ်(ကျား)တစ်ဦး၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ပြီး ဧပြီ ခုနှစ်ရက်တွင် Sky Villa အဆောက်အအုံပြိုကျမှုမှ အမျိုးသမီးကိုးဦး၊ကလေးငယ်သုံးဦး(မ)၊ အမျိုးသားတစ်ဦးနှင့် ကလေးငယ်(ကျား)တစ်ဦး၊ ၃၆လမ်း၊ ၇၉လမ်းနှင့် ၈၀လမ်းကြားရှိ TULIP တည်းခိုခန်းပြိုကျမှုမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ Win Star Hotel ပြိုကျမှုမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ ၇၃လမ်းနှင့် ၂၉လမ်းရှိ တိမ်ဖြူဟိုတယ်ပြိုကျမှု၌ အမျိုးသမီးတစ်ဦးတို့၏ ရုပ်အလောင်းတို့ ရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
“မီးသတ်တပ်ဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အင်နဲ့အားနဲ့ လုပ်ဆောင်နေတာ တွေ့ရပေမဲ့ သူတို့ရဲ့ထုတ်ပြန်ချက်ထဲက ရုပ်အလောင်းတွေ့ရှိမှုတွေက ဘယ်လောက်မှန်၊မမှန်တော့ မပြော တတ်ဘူး။မန္တလေးမှာ ရုပ်အလောင်း တွေ့တာ နည်းလာတာမှန်တယ်။ဒါပေမဲ့၊ပိတ်မိနေတဲ့ ရုပ် အလောင်းတော်တော်ကျန်နေသေးတယ်လို့ ကျတော်တို့ ဒေသခံတွေ ယုံကြည်ကြတယ်။အသက် ရှင် လျက် ပိတ်မိနေသူတွေတော့ မရှိတော့ဘူးလို့ထင်တယ်။အကုန်သေရှာပါပြီ”ဟု ငလျင်ဘေးသင့်ပြည်သူများကို ကူညီပေးနေသော မန္တလေးမြို့ခံတစ်ဦးက MPA သို့ပြောသည်။
ဧပြီရှစ်ရက်တွင် မန္တလေးမြို့ TULIP တည်းခိုခန်း၊ Great Hall Hotel နှင့် အင်ကြင်းကွန်ဒို ပြိုကျ ပျက်စီးမှုများကို ရှရှားနိုင်ငံကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့်အတူ ရှာဖွေကယ်ဆယ်ရေးလုပ် ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဧပြီလရှစ်ရက်က မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ အမှတ်သုံးရပ်ကွက်၊ ကိုးတော်နံဆန္ဒပြည့်ဘုရားမုခ်ဦး၊ ပျော်ဘွယ်မြို့နယ်၊ ယင်းတော်ရွာမကျေးရွာမှ ယင်းတော်မင်းကျောင်းတိုက်နှင့် ရမည်းသင်းမြို့နယ်၊ ဝါတိုးရပ်ကွက်၊ မြို့နယ်ပညာရေးအဆောက်အအုံအပျက်အစီးများကို ရှင်းလင်းရေးများလုပ်ဆောင်ခဲ့သော်လည်း ရုပ်အလောင်းတွေ့ရှိကြောင်း ထုတ်ပြန်ထားခြင်းမရှိပေ။
ထို့ပြင် ဧပြီ ခုနှစ်ရက်က ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းခြံကေလာကျေးရွာအတွင်းရှိ လူနေအိမ်များ၊ အထက (ခွဲ) စာသင်ကျောင်းများနှင့် ဇရပ်ကြီးကျေးရွာဘုန်းကြီးကျောင်းရှိ အပျက်အစီးများ၊ ရမည်းသင်းမြို့နယ်၊ ပျဉ်တပ်ရပ်ကွက်၊ ရန်အောင်မင်းကျောင်းတိုက်အတွင်း ပြိုကျပျက်စီးမှုများနှင့် ဝမ်းတွင်းမြို့နယ်၊ အမှတ်သုံးရပ်ကွက်ရှိ မြေငလျင်ဘေးသင့်ခဲ့သော ရွှေမုဌောဘုရားစေတီတော်နှင့် ရင်ပြင်ပေါ်ရှိအုတ်ကျိုးအပျက်အစီးများအား ရှင်းလင်းရေးများ လုပ်ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဧပြီရှစ်ရက်တွင် မန္တလေးမြို့၌ ငလျင်ဘေးသင့် ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည့် ဘီလာရုဇ်နိုင်ငံနှင့် တရုတ်နိုင်ငံ Blue Sky Rescue (BSR) တို့မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ ၎င်းတို့၏ နိုင်ငံများသို့ ပြန်သွားကြပြီဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။