By Myo Thia / MPA
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ငလျင် Camp များ၌ လှူဒါန်းထားသည့် ပစ္စည်းများကို ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးများက စီမံခန့်ခွဲရပြီး ငလျင်ရှောင်ပြည်သူများကို ပြန်လည်ဖြန့်ဝေရာ၌ ခွဲခြားပေးဝေမှုများရှိနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ငလျင်ဘေးသင့် ပြည်သူများအတွက် အလှူရှင်များက အိပ်ယာခင်း၊ ခြင်ထောင်၊ စောင် ၊ ခေါင်းအုံး၊ မိုးကာ နှင့် ထောက်ပံ့ကြေးများကို ငလျင် Camp များ၌ တာဝန်ယူထားသည့် အုပ်ချုပ်ရေးမှူးများက ကြီးကြပ်ပြီး Camp အတွင်း နေထိုင်ရန် ကတ်ရှိထားသူများကို အဆိုပါ အထောက်အပံ့များပေးအပ်ပြီး ကတ်မရှိသည့် သူများကို ထမင်းဘူးနှင့် ရေသာ ထောက်ပံ့ပေးခြင်းဖြစ်သည်။
“ ကတ်ရှိတဲ့သူတွေကိုပဲ ပေးတာ၊ ကတ်မရှိတဲ့သူတွေဆို ထမင်းနဲ့ ရေလောက်ပဲရတယ်။ ဒါတောင် အလှူရှင်ကိုယ်တိုင် ကိုယ့်လက်ထဲထည့်ပေးမှ ရတာ” ဟု ချမ်းမြသာစည်မြို့နယ်ရှိ ငလျင် Camp တစ်ခုတွင် နေထိုင်သူတစ်ဦးက ပြောသည်။
ငလျင် Camp များ၌ နေထိုင်လိုသူများသည် စာရင်းသွင်းရကာ လူဦးရေအလိုက် နံပါတ်ရေးထိုးထားသည့် ကတ်များကို အုပ်ချုပ်ရေးမှူးများက ပြန်လည်ထုတ်ပေးပြီး အဆိုပါကတ်များသည် ညအိပ်နေထိုင်သူများသာ ရသည့် ကတ်လည်းဖြစ်သည်။
“ စာရင်းသွင်းဖို့သွားတော့လည်း စာရင်းက ပိတ်နေပြီ၊ စာရင်းထပ်ပြီးပေးမသွင်းဘူး။ အိမ်ထောင်စုဇယားရှိလည်း စာရင်းပေးမသွင်းဘူး ” ဟု မန္တလေးမြို့ရှိ Camp တစ်ခုတွင်နေထိုင်ရန် စာရင်းသွင်းသော်လည်း ငြင်းပယ်ခံခဲ့ရသူတစ်ဦးက ပြောသည်။
ထိုကဲ့သို့ ငလျင်ရှောင်Camp များ၌ နေထိုင်ကြမည့်သူများကို စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် Camp Volunteers များက စာရင်းကောက်ယူခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
“ လာပေးရင်လည်း ကတ်ရှိသူတွေကိုပဲ ဦးစားပေးသွားတယ်။ အုပ်ချုပ်ရေးမှူးနဲ့ နီးစပ်သူ၊ Volunteer တွေနဲ့ နီးစပ်သူတွေကိုပဲ လပ်သိပ်ထိုးပေးခဲ့တာ၊ စာရင်းမရှိတဲ့သူတွေတော့ ဒီတိုင်းပဲထားခဲ့တယ်။ ကျော်သွားတယ် ” ဟု ချမ်းမြသာစည်မြို့ခံ၊ မအေးမြင့်က ပြောသည်။
လက်ရှိ မန္တလေးမြို့အတွင်း ငလျင်ဘေးသင့်ခဲ့သည့် ပြည်သူများ များပြားလှပြီး Campများ၌ စာရင်းမသွင်းရသေးသည့် အိမ်ထောင်စု များပြားနေခြင်းကြောင့် မိုးကာ၊ စောင်၊ ခြင်ထောင်နှင့် ထောက်ပံ့ငွေကြေးများလည်း လိုအပ်လျက်ရှိနေသည်။
“ ခုနှစ်ရက်သားသမီး အားလုံးကိုရစေချင်တယ်။ လူမျိုးဘာသာမရွေးရစေချင်တယ်။ အလှူရှင်တွေအနေနဲ့လည်း ငလျင်ဘေးသင့်တဲ့သူတွေကို တိုက်ရိုက်လှူဒါန်းပေးဖို့တောင်းဆိုချင်ပါတယ်။ အခုက ကိုယ်တွေပဲ ကျန်နေခဲ့တာ ” ဟု မအေးမြင့်က ဆက်လက်ပြောသည်။
ထို့ကြောင့် ငလျင်ဘေးသင့်ပြည်သူများကို လှူဒါန်းမည့်သူများအနေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး လက်ထဲသို့ အပ်နှံချင်းမပြုဘဲ ငလျင်ဘေးသင့်ပြည်သူများကို တိုက်ရိုက်လှူဒါန်းပေးရန် ဒေသခံများက လိုလားလျက်ရှိနေသည်။
မန္တလေးမြို့၌ ငလျင်ဘေးသင့်ပြည်သူများကို ပြည်သူများက ကိုယ့်အစီအစဉ်ဖြင့်ကိုယ် ဝေငှမှုများပြုလုပ်ရာ၌ အချို့သောသူများသည် ထပ်ခါထပ်ခါ ယူနေခြင်းများလည်း ရှိနေသည်။
စာတည်း-ကိုဆန်း