By Ra Wai / MPA
ငလျင်လှုပ်ခါမှု အပြင်းထန်ဆုံး ကြုံတွေ့ခဲ့ရသူ ကိုးဒဿမတစ်သန်းရှိကြောင်း UNOCHA Myanmar က သတင်းထုတ်ပြန်သည်။
မတ်လ၂၈ရက်၊ဖျက်အားပြင်းငလျင်လှုပ်ခတ်ပြီး ၁၀ရက်အလွန်မှာ ကိန်းဂဏန်းများ မြင့်တက်နေ ဆဲဖြစ်ပြီး သေဆုံးသူဦးရေ ၃၅၀၀၊ ပျောက်ဆုံးသူဦးရေ ၂၀၀နှင့် ဒဏ်ရာရသူဦးရေ ၅၀၀၀ ရှိကြောင်း UNOCHA Myanmar ၏ ယနေ့(ဧပြီရှစ်ရက်)ထုတ်ပြန်ချက်၌ ဖော်ပြသည်။
“အခုအချိန်ထိကို ဂဏန်းမငြိမ်သေးပါဘူး။ဒီနေ့ထိ ရှာမတွေ့သေးတာနဲ့ မဖော်နိုင်သေးတဲ့ ရုပ်အ လောင်းတွေ မန္တလေးနဲ့ စစ်ကိုင်းမှာ အများကြီးကျန်နေသေးတာ သေချာတယ်။ဘယ်လောက် ကျန်နေသေးသလဲလို့မေးရင် တော်တော်ကျန်သေးတယ်လို့ပဲ ပြောရမှာပဲ”ဟု ငလျင်ဘေးသင့် ပြည်သူများကို ကူညီပေးနေသော မန္တလေးမြို့ခံတစ်ဦးက MPAသို့ ပြောသည်။
ပူပြင်းလွန်းသည့်ရာသီနှင့် အချိန်ခါမဲ့ရွာသောမိုးကြောင့် အခြေအနေများကို ဆိုးသထက်ဆိုးစေသည် ဟုလည်း UNOCHA Myanmar ကဆိုသည်။
ဧပြီငါးရက်ညတွင် ငလျင်ဒဏ်သင့်မန္တလေးမြို့၌ မိုးသက်လေပြင်းကျရောက်ခဲ့ပြီး လမ်းမများပေါ် နေထိုင်ကြသူတို့၏ ယာယီတဲများ ပြိုသွားခဲ့သည်။
မိုးသည်းထန်မှုကြောင့် မြေငလျင်ထိထားသော အဆောက်အအုံများ ပြိုကျနိုင်ကြောင်း မြေငလျင်ပညာရှင်များက သတိပေးထားသည်။
ဧပြီခုနှစ်ရက်အထိစာရင်းအရ စစ်ကိုင်း၊မန္တလေး၊နေပြည်တော်၊ပဲခူးနှင့် ရှမ်းတောင်တို့တွင် သေဆုံးသူ ၃၅၅၀၊ ပျောက်ဆုံး ၂၂၀နှင့် ဒဏ်ရာရ ၄၆၈၉ဦးရှိပြီး ဘာသာရေးအဆောက်အအုံ ၅၃၂၄လုံး၊ အခြေခံ အဆောက်အအုံ ၄၆၀၃ နှင့် နေအိမ် ၃၂,၃၆၈လုံး ထိခိုက်ဆုံးရှုံးခဲ့ကြောင်း NUGအစိုးရက ထုတ်ပြန် ထားသည်။
ငလျင်ဘေးသင့်ဒေသများတွင် နေထိုင်သူဦးရေ ၁၇ ဒဿမ ၂ သန်းရှိကြောင်း UNOCHA Myanmar ကဆိုသည်။