By Ra Wai / MPA
ငလျင်ဘေးသင့်ပြည်သူများကို လူသားချင်းစာနာမှုအကူအညီပေးနိုင်ရန်အတွက် ဗီဇာနှင့် မြန်မာနိုင်ငံ တွင်း မည်သည့်နေရာမဆို သွားလာနိုင်သည့် ခွင့်ပြုချက်လိုအပ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ Tom Fletcher က ပြောသည်။
ငလျင်ဘေးသင့်ဒေသများသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အဆုံးတွင် ၎င်းက အထက်ပါအတိုင်း ပြော ကြားခဲ့ကြောင်း UNOCHA Myanmar က သတင်းထုတ်ပြန်သည်။
“လူသားချင်းစာနာမှုလုပ်ငန်းတွေ ဆောင်ရွက်ဖို့က ကျတော်တို့ အလုပ်ပါ။ကျတော်တို့ဟာ ဘက်လိုက်မှုမရှိဘူး။အမှီအခိုကင်းတယ်။ခွဲခြားမှုလည်း မရှိပါဘူး။ကျတော်တို့ကယ်နိုင်သမျှ အသက် ကိုကယ်ဖို့ပဲ အလုပ်လုပ်နေတာပါ။ဒါပေမဲ့၊အဲလိုတွေ ဆောင်ရွက်နိုင်ဖို့ဆိုတာ ဘာအတားအဆီးမှမရှိ ဘဲ ကျတော်တို့ သွားလာနိုင်မှ ရမှာပါ”ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ Tom Fletcher က ဆိုသည်။
စစ်ကောင်စီနှင့်ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ နေရာတိုင်းကို သွားနိုင်ရန် လိုအပ်ကြောင်း အဓိက ပြောကြားခဲ့သည်ဟု ၎င်းက ပြောသည်။
ဖျက်အားပြင်းငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်ပြီး ၎င်းက “နဂိုကတည်းက ဘာမှမရှိပါဘူးဆိုတဲ့ သူတွေ ကိုမှ အထိခိုက်ဆုံးဖြစ်ခဲ့ရတယ်”ဟု ပြောသည်။
ဆိုးရွားလှသည့် ငလျင်ကြီးကြောင့် လူဦးရေ၁၇သန်းခန့် တိုက်ရိုက်ထိခိုက်မှုရှိမည်ဟု ခန့်မှန်းထား ပြီး ကုလသမဂ္ဂအနေနှင့် အကူအညီပေးသွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။
“လိုအပ်နေသူတွေဆီ အစားအစာတွေရောက်အောင် ကျတော်တို့ ပို့ဆောင်ပေးမှာပါ။ရေလိုတဲ့သူတွေ ဆီ ရေရအောင်ဆောင်ရွက်ပေးမယ်။နေစရာမရှိတော့တဲ့သူတွေကို ရွက်ဖျင်တဲတွေ၊အမိုးအကာတွေရ အောင်ကျတော်တို့ ဆောင်ရွက်ပေးပါမယ်။ဒါပေမဲ့၊ကမ္ဘာ့နိုင်ငံတွေကတော့ ကျတော်တို့နဲ့အတူ ရှိနေ ပေးဖို့ တကယ်ပဲ အရေးကြီးပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ Tom Fletcher သည် ဧပြီငါးရက်နှင့် ခြောက် ရက်တို့တွင် ငလျင်ဘေးသင့်ဒေသ မန္တလေးမြို့သို့ ရောက်ရှိခဲ့ပြီး ဘေးသင့်ပြည်သူများနှင့် တွေ့ဆုံခဲ့ သလို နေပြည်တော်ရှိ ဘေးသင့်ပြည်သူများနှင့်လည်း တွေ့ဆုံခဲ့သည်။
စစ်ကောင်စီက ငလျင်ဘေး အကြောင်းပြချက်ဖြင့် ခရီးသွားအလည်အပတ်ဗီဇာလျှောက်လွှာများကို ဧ ပြီသုံးရက်မှ စတင်ကာ ယာယီရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ထားသလို ငလျင်သတင်း ရယူလို သည့် နိုင်ငံခြားသတင်းထောက်များကိုလည်း တည်းခိုစရာအဆင်မပြေနိုင်ဆိုသည့် အကြောင်းပြချက် ဖြင့် ပြည်ဝင်ခွင့်ဗီဇာ မပေးခဲ့ပေ။