By Mg Dagon / MPA
ကယ်ဆယ်ရေးမလုံလောက်မှုကြောင့် အပျက်အစီးအလွန်ကြီးခဲ့သည့် သမိုင်းဝင်ငလျင်ကြီးကို ‘မန္တလေးငလျင်ကြီး’ ဟု ခေါ်ဝေါ်သုံးစွဲကြရန် စစ်ကောင်စီက သတ်မှတ်လိုက်ကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
၎င်းက ယမန်နေ့ ဧပြီ ၇ ရက် ညပိုင်းတွင် စစ်ကောင်စီလက်အောက်ခံမီဒီယာများကတစ်ဆင့် ထိုကဲ့သို့ပြောကြားခြင်းဖြစ်သည်။
ယခု ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ နေ့လယ် ၁၂ နာရီ ၅၁ မိနစ်တွင် မန္တလေးမြို့၊ မြောက်ဘက် ၂၁ မိုင်အကွာကိုဗဟိုပြု၍ မြန်မာနိုင်ငံအတွင်း အင်အားရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိသည့် ငလျင်ကြီး လှုပ်ခတ်ခဲ့သည်ဟု စစ်ကောင်စီက ငလျင်လှုပ်ခတ်အပြီး မိနစ်ပိုင်းအကြာတွင် ထုတ်ပြန်ထားသည်။
“…မှတ်တမ်းပြုစုရာမှာ၊ နောက်တစ်ခုက ဖော်ပြချက်တွေ ဖော်ပြရာမှာ၊ ရည်ညွှန်းပြောဆိုရာမှာ တူညီလွယ်ကူစေရန်အတွက် ‘မန္တလေးငလျင်ကြီး’ ဟု သတ်မှတ်ခေါ်ဝေါ်သုံးစွဲသွားမှာဖြစ်ကြောင်း ဒါ.. အသိပေး ထုတ်ပြန်အပ်ပါတယ်” ဟု စစ်ကောင်စီပြောခွင့်ရထားသူက ပြောထားသည်။
ထို့အပြင် စစ်ကောင်စီ အမိန့်ကိုမလွန်ဆန့်နိုင်သည့် မီဒီယာများ၊ ၎င်းတို့ဩဇာခံမီဒီယာများနှင့် ပြည်တွင်း၌အခြေစိုက်ထားသည့် မီဒီယာများအနေဖြင့် ထိုကဲ့သို့ ရည်ညွှန်းရေးသားကြရန် ၎င်းက တစ်ပါတည်း ထည့်သွင်းပြောကြားသည်။
အဆိုပါငလျင်ကြီးနှင့်ပတ်သက်၍ ပညာရှင်များက စစ်ကိုင်းငလျင်ကြောပေါ်မှ လှုပ်ခတ်ခဲ့သည်ဟုပြောကြားနေကြသော်လည်း လက်ရှိအချိန်အထိ ဗဟိုချက်ကို စစ်ကိုင်းနှင့် မန္တလေးတို့တွင် မည်သည့်ဒေသအတွင်းဖြစ်ပေါ်ခဲ့သည်ကို ဒွိဟဖြစ်နေကြဆဲဖြစ်သည်။
“ပညာရှင်တွေကိုယ်တိုင်ကတောင် ဒီငလျင်နဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းထဲမှာလား၊ မန္တလေးထဲမှာလားဆိုတာ မသဲကွဲကြသေးဘူး။ ပြောနေကြတာတွေတော့ရှိတာပေါ့နော်” ဟု ငလျင်နှင့်ပတ်သက်ပြီး လေ့လာအကဲခတ်နေသူ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီက ‘မန္တလေးငလျင်ကြီး’ ဟု ခေါ်ဝေါ်သုံးစွဲရန် သတ်မှတ်လိုက်သော်လည်း မိုးလေဝသနှင့် ငလျင်ပညာရှင်အချို့က စစ်ကိုင်းငလျင်ဟု ခေါ်ဝေါ်သုံးစွဲနေကြသည်ကို တွေ့ရသည်။
ထိုအထဲ မိုးလေဝသပညာရှင် ဦးဝင်းနိုင်လည်း ပါဝင်ပြီး စစ်ကိုင်းငလျင်ကြောပေါ်မှလှုပ်ခတ်ခဲ့သည့် ထိုငလျင်သည် စစ်ကိုင်းတိုင်းအတွင်းရှိ ရေခါးအင်းရွာအတွင်းရှိ ရေခါးအင်းအနီး ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားထားသည်။
စစ်ကိုင်းတိုင်းအတွင်း ထိုငလျင်ပြတ်ရွေ့ကြောကြောင့် မြေသား အံလွဲမှုမှာ နှစ်ပေမှ ၁၅ ပေအထိဖြစ်ပေါ်ခဲ့ပြီး မြေလွှာအက်ကွဲကြောင်းအလျားသည် တောင်/မြောက် ၉ မိုင်ခန့်အထိ ရှိသည်ဟု ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်တွင် ယမန်နေ့က ပြန်လည်ဝေမျှထားသည်။
ထိုဖျက်အားပြင်းငလျင်ကြီးကြောင့် မတ်လ ၂၈ ရက်မှ ယမန်နေ့ ဧပြီလ ၇ ရက်နေ့အထိ သေဆုံးသူ ၃၆၀၀ ဦး၊ ဒဏ်ရာရရှိသူ ၅၀၁၇ ဦး၊ ပျောက်ဆုံးသူ ၁၆၀ ဦးရှိပြီဖြစ်ကြောင်း ယမန်နေ့ညပိုင်းက စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ထုတ်ပြန်ပြောကြားသည်။