By Hsu Yee / MPA
ပဲခူးတိုင်း ၊ ဖြူးမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် နေအိမ်နှင့် လမ်းတံတားများ ပြုပြင်ရန် အလှူရှင်များကိုယ်စား ဖြူးမြို့နယ် ပကဖက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဧပြီ ခြောက်ရက်တွင် ဖြူးမြို့နယ်ရှိ ဇလုပ်အုပ်စု၊ သစ်ဖြူဆိပ်ကျေးရွာရှိ ပျက်စီးခဲ့သည့် နေအိမ် ၄၇လုံးအတွက် တစ်အိမ်ထောင်လျှင် ကျပ်၅၀,၀၀၀ နှုန်းဖြင့် ကျပ် ၂,၃၅၀,၀၀၀ ၊ သစ်ဖြူဆိပ်ရွာရှိ ရွာလယ်လမ်းမကြီးပြင်ဆင်ရန် ကျပ်ငါးသိန်း ၊ ကင်မွန်းခြုံကျေးရွာအတွက် ကျပ်ငါးသိန်းနှင့် နတ်လောင်း-ရွှေကုန်း တံတားပြုပြင်ရန် ကျပ်၄၅သိန်း လှူဒါန်းခဲ့ကြောင်း ဖြူးမြို့နယ်ပကဖ ကသတင်းထုတ်ပြန်သည်။

ပုံစာ – ငလျင်ဒဏ်သင့်ရွာများကို ဖြူးမြို့နယ်ပကဖက အလှူငွေပေးအပ်စဉ်။

ပုံစာ – ငလျင်ဒဏ်သင့်ရွာများကို ဖြူးမြို့နယ်ပကဖက အလှူငွေပေးအပ်စဉ်။
“ ကျေးရွာက တာဝန်ခံတွေကိုလှူတာပါ။ဖြူး ပကဖ ထီရောင်းရငွေထဲက မတည်လှူပေးထားပါတယ်။ ပြည်သူတွေ ကျန်းမာရေးကတော့ ကျတော်တို့မှာ ဆရာဝန်၊ဆေးမှူးတွေရှိပါတယ်” ဟု ဖြူးမြို့နယ် ပကဖ တာဝန်ခံက MPA သို့ပြောသည်။
ထိုသို့လှူဒါန်းနိုင်ရန် စည်းလုံးခြင်းသည်အင်အား ဖာ့ပဒဲန်အခြေစိုက် ထောက်ပို့အဖွဲ့မှ ကျပ်၁၀သိန်း ၊ ပြည်ပရောက်မြန်မာများကကျပ်သိန်း ၂၀ ၊ စေတနာရှင်များကကျပ် ခုနှစ်သိန်း ၊ Revodol အဖွဲ့က ကျပ်သိန်း၄၀ နှင့် ဒီပဦးဆောင်သောစည်းလုံးခြင်းသည်အင်အား မျိုးဆက်သစ်လူငယ်များအဖွဲ့က ကျပ်သိန်း ၂၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာများသည် PDF စိုးမိုးနယ်မြေထဲတွင် ပါဝင်ပြီး ကျန်ရှိသောအလှူငွေများကို လည်း ငလျင်ဒဏ်သင့် အခြားကျေးရွာများအား ဆက်လက်လှူဒါန်းပေးမည်ဖြစ်ကြောင်း သိရသည်။